ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြံဖွင် ဦးခင်ရီ စစ်တပ်က ဖမ်းဆီး။ စစ်ဗိုလ်ချုပ်များ ကြံခိုင်ရေးပါတီတွင်း နေရာရယူမှာ များပြားလို့ ပါတီတွင်း အာဏာလုနေကြပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကို စစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ စက်တင်ဘာ ၂၃ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကြံ့ဖွတ်ပါတီ၏ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်း မင်းအောင်လှိုင်ထံတင်ပြရပြီး ခွင့်ပြုချက်ရယူရ ၊ ပါတီတွင်း မင်းအောင်လှိုင်ကို မလိုလားသော အုပ်စုကွဲကြီးဖြစ်ပေါ်နေ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စစ်တပ်က လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မည့် ကြံ့ဖွတ်ပါတီက လွှတ် တော်ကိုယ်စားလှယ်လောင်း စာရင်းတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ တင်ပြပြီး ခွင့်ပြုချက်ရယူရကြောင်း၊
ကြံ့ဖွတ်ပါတီက မဲဆန္ဒနယ်အသီးသီးမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် စစ်တပ်ဘက်က ဗိုလ်ချုပ်တွေကို မိုးကျရွှေကိုယ်အဖြစ် ကြံ့ဖွတ်ပါတီကို မင်းအောင်လှိုင်က စေလွှတ်ခဲ့ကြောင်း၊ ယင်းစစ်အရာရှိတွေအတွက် ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အများအပြား ချန်ထားပေးရတဲ့အပြင် အခုနောက်ဆုံး ကြံ့ဖွတ်ပါတီရဲ့ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို မင်းအောင်လှိုင်ဆီကို တင်ပြပြီး ခွင့်ပြုချက်ယူရကြောင်း တွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကို စစ်တပ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။