ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ပြီ။ စစ်ခေါင်းဆောင် ထွက်ပေါက်ပိတ်ပြီ။ အကုန်နှုတ်ထွက်ကုန်ပြီး' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဆန်းစစ်ချက်
စစ်တပ်က မရမက ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ 'မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံး၀ ဆန့်ကျင်ရန်နှင့် မွန်ပြည်ဖက်ဒရယ်ယူနစ် ထူထောင်ရေး လုပ်ငန်းစဉ်များ MSFC ညီလာခံက ဆုံးဖြတ်ချမှတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ ညီလာခံကို ၂ ရက်တာ ကျင်းပခဲ့ပြီး ညီလာခံကိုယ်စားလှယ်ပေါင်း ၁၉၆ ဦး တက်ရောက်ခဲ့ကာ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံး၀ ဆန့်ကျင်ဖို့နဲ့ မွန်ပြည်ဖက်ဒရယ်ယူနစ် ထူထောင်ရေး လုပ်ငန်းစဉ်များ MSFC ညီလာခံက ဆုံးဖြတ်ချမှတ်လိုက်တဲ့အကြောင်း ရေးသားထားတာပါ။
ညီလာခံဖွင့်ပွဲမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီနဲ့ နွေဦးတော်လှန်ရေးအင်အားစုများက ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
ဒီသတင်းထဲမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။