ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းက မြန်မာကို စစ်ကြေညာ။ မူးယစ်မှောင်ခိုမှုများကို တိုက်ဖျက်ဖို့ဆိုပြီး ထိုင်းစစ်တပ်ဝင်ရောက်။ စစ်ကောင်စီရဲ့ နယ်စပ်စခန်းများ စတင်တိုက်ခိုက်' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းက မြန်မာကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ ကြေညာလိုက်ပြီး ရှမ်းပြည်နယ် အခြေစိုက် UWSA "၀" တပ်ဖွဲ့နှင့် ဆက်နွယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နင်းရန် တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ ကြေညာလိုက်ပြီး ရှမ်းပြည် နယ် အခြေစိုက် UWSA "၀" တပ်ဖွဲ့က မူးယစ်ဂိုဏ်းများနှင့် ဆက်နွယ်နေသဖြင့် နှိမ်နင်းရန် တောင်းဆိုလိုက်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲကို ကြေညာလိုက်ပြီး မူးယစ်ဆေးဝါးလုပ်ငန်းများ၏ နောက်ကွယ်တွင် "၀" တပ်ဖွဲ့ရှိနေကြောင်း၊ ရှမ်းပြည်နယ်တွင် အခြေစိုက်သည့် ‘ဝ’တပ်ဖွဲ့နှင့် ဆက်နွှယ်နေသည့် မူးယစ်ဂိုဏ်းများကို နှိမ်နင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တောင်းဆိုလာခြင်းဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ထိုင်းက မြန်မာကို စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။