ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ဒေါသထွက်နေ။ NUG နဲ့ အမေရိကန် လက်တွဲပြီ။ မြေရှားသတ္တုဝယ်ယူရန် အမေရိကန် သဘောတူ။ NUG ကို လိုသလောက် လက်နက်ဝယ်ယူခွင့် ပေးမည်' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြေရှားသတ္တုဝယ်ယူဖို့ NUG နဲ့ အမေရိကန် သဘောတူတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဖေစ့်ဘွတ်ပေါ်က နိုင်ငံရေးအကြောင်းအရာတွေကို ကူးယူပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က ရရှိရေး အဆိုပြုချက်တွေကို ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့တဲ့ သတင်းကို သတင်းဌာန အများအပြားမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒီသတင်းမှာ မြန်မာနိုင်ငံက အများအပြားထွက်ရှိနေတဲ့ မြေရှားသတ္တုတွေကို တရုတ်က ရရှိနေပြီး ယင်းတို့ကို တရုတ်အစား အမေရိကန်က ရရှိလာစေရန် ရည်ရွယ်ချက်နဲ့ အဆိုပါ အဆိုပြုချက်တွေကို ကြားနာခဲ့တာဖြစ်ကြောင်း၊ အဆိုပါ အဆိုပြုချက်တွေကို အမေရိကန်စီးပွားရေး လော်ဘီသမားတစ်ဦးက ထရမ့်အစိုးရအရာရှိတွေကို အဆိုပြုခဲ့တာ ဖြစ်ကြောင်း၊ အဆိုပြုချက်တွေထဲက တစ်ခုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ငြိမ်းချမ်းရေးရယူရန် မြန်မာစစ်ကောင်စီကို ထရမ့်အစိုးရက တိုက်တွန်းရန် ဖြစ်ပြီး နောက်ထပ်အဆိုပြုချက် တစ်ခုမှာ ထရမ့်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီနဲ့ မထိတွေ့မဆက်ဆံဘဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ သာ တိုက်ရိုက်ဆွေးနွေးသွားဖို့ဖြစ်ကြောင်း တွေ ရေးသားဖော်ပြနေတာပါ။
ဒီသတင်းတွေထဲမှာ အမေရိကန်စီးပွားရေး လော်ဘီသမားတစ်ဦးက ထရမ့်အစိုးရကို အဆိုပြုခဲ့တာသာ ဖြစ်ပြီး ထရမ့်အစိုးရက ကြားနာစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
မြေရှားသတ္တုဝယ်ယူဖို့ NUG နဲ့ အမေရိကန် သဘောတူတယ်ဆိုတဲ့အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။