ဒီအကြောင်းအရာကို Yaung Ni News Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ယူကရိန်းစစ်ပွဲတွေမှာ သုံးတဲ့ နည်းပညာမြင့်လက်နက်တွေနဲ့ လေယာဉ်ပစ်လက်နက်(Manpads)ကို NUG တကယ်ရသွားပြီတဲ့' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နည်းပညာမြင့် လေယာဉ်ပစ်လက်နက်တွေ NUG ရှိနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တော်လှန်ရေး Fundrizer အချို့ အွန်လိုင်းပေါ်မှာ တစွန်းတစ ရေးတင်နေတဲ့ လေယာဉ်ပစ်လက်နက်တွေ NUG မှာရှိနေသယောင် ပြောဆိုနေမှုကို အခြားအွန်လိုင်အသုံးပြုသူတစ်ဦးက ကိုယ်ပိုင်အမြင်နဲ့ ပြန်လည်ရေးသားထားမှုကို နောက်ခံစကားနဲ့ ပြောထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က NUG မှာ လေယာဉ်ပစ်လက်နက်ရှိနေပြီလို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက အွန်လိုင်းက ပြုလုပ်ခဲ့တဲ့ 'ပြည်သူ့ခုခံတော်လှန်စစ် ၁ နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်အား အစီရင်ခံသည့် သတင်းစာရှင်းလင်းပွဲ' မှာ ပြောဆိုခဲ့ပါသေးတယ်။
အဆိုပါ အချိန်တုန်းက သတင်းဌာနတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ NUG က နည်းပညာမြင့် လေယာဉ်ပစ်လက်နက်တွေ ပိုင်ဆိုင်ထားတယ်လို့ တရားဝင် ကြေညာထားတာ မရှိသလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။