ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကျိုင်းတုံမှာ တပ်ချုပ်မိသားစု ပစ်ခတ်ခံရ။ ကျိုင်းတုံမှာ ဝစီပိတ်ဆရာတော် ဖိတ်လို့သွားတဲ့ တပ်ချုပ်မိသားစုများ လက်နက်ကြီး စနိုက်ဘာတွေနဲ့ ပစ်ခတ်ခံရပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကျိုင်းတုံမှာ စစ်ခေါင်းဆောင် မိသားစု ပစ်ခတ်ခံဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ '၀စီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံမှာ မင်းအောင်လှိုင် လင်မယားက လောက သရဖူ စေတီ ဘုရားဌာပနာ ယတြာချေပွဲနှင့် ဆေးရုံဖွင့်ပွဲတွေ လုပ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယားနှစ်ယောက် ၀စီပိတ်ဘုန်းကြီး ဖိတ်ခေါ်လို့ ကျိုင်းတုံထိသွားပြီး လောကသရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့ပြီး ပန်းကွဲဗုဒ္ဓဥယျာဉ်တော်မှာ လောကသရဖူ စေတီ ဘုရားဌာပနာ ယတြာချေတာနဲ့ အစီအရင် အင်းပြားတွေ မြှုပ်နှံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ကျိုင်းတုံမှာ စစ်ခေါင်းဆောင် မိသားစု ပစ်ခတ်ခံဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။