ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် သားနဲ့ သမီး ဖမ်းဆီးပြီ။ ဦးကျော်မိုးထွန်း အတည်ပြု။ ကုလသမဂ္ဂအမိန့်နဲ့ ဘန်ကောက်မှာ နိုင်ငံတကာက ဖမ်းဆီး။ မင်းအောင်လှိုင်ကို အနုနည်းနဲ့ စတင်အရေးယူပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင် သားသမီးတွေ ဘန်ကောက်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ ဩဂုတ် ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာအကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ အမျိုးသမီးများကို မိသားစုဝင်များရှေ့တွင်ပင် အဓမ္မပြုကျင့်မှု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ မြန်မာအကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ အမျိုးသမီးတွေကို မိသားစုဝင်တွေရဲ့ ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်မှုများကျူးလွန်နေတဲ့ အကြောင်း ဩဂုတ်လ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်း ပပြုလုပ်ခဲ့တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ တံခါးဖွင့် အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြပြောဆိုခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာစစ်ခေါင်းဆောင် သားသမီးတွေ ဘန်ကောက်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။