ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'KIA ကို အိန္ဒိယက အဆင့်မြင့် လက်နက်တွေ ပေးမည်။ အိန္ဒိယနဲ့ စစ်ကော်မရှင် အပြန်လှန် သတိပေး။ KIA ကို အိန္ဒိယက တရားဝင် လက်နက်ရောင်းပေးနေပြီ။ အမေရိကန်နဲ့ အိန္ဒိယ မြေရှားသတ္တု KIA ထံဝယ်မည်' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အိန္ဒိယက KIA ကို တရားဝင် လက်နက်ရောင်းပေးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ပန်ဝါ မှ သည် နယူးဒေလီ ဆီသို့' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ အမေရိကန်အပါအဝင် အိမ်နီးချင်း နိုင်ငံကြီးတွေကြား မြေရှားသတ္တုအရေးနဲ့ ပတ်သက်ဆက်နွယ်မှုတွေကို သုံးသပ်ရေးသားထားတာ တွေ့ရပါတယ်။
ဒီဆောင်းပါးထဲမှာ အိန္ဒိယက KIA ကို တရားဝင် လက်နက်ရောင်းပေးနေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Hla Soewai ဖေစ့်ဘွတ်အကောင့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။