ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရွေးကောက်ပွဲ ကန့်ကွက်ခံရ။ ဦးသိန်းစိန်နဲ့ ဦးသန်းရွှေ နှစ်ဦးစလုံး ကန့်ကွက်။ မင်းအောင်လှိုင်က ဗိုလ်ချုပ် ၈ ဦးနဲ့ ဗိုလ်မှူးချုပ် ၁၇ ဦးဖမ်းဆီး ဦးသိန်းစိန်ကို သမ္မတ ရာထူးပေးရန် သန်းရွှေ လုပ်နေပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဏာရှင်ဟောင်း ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ အောက်တိုဘာ ၂၅ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းမှူးများ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနှင့်နေရာ အပြောင်းအလဲများ ပြုလုပ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးတွေ အပါအဝင် စစ်အရာရှိကြီး ၃၀ နီးပါးကို ရာထူးနဲ့နေရာ အပြောင်းအလဲတွေ ပြုလုပ်နေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးဇင်ယော်တို့ ပြောဆိုတယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဏာရှင်ဟောင်းတွေ ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



