ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NLD အရေးပေါ် ကြေညာလိုက်ပြီ။ အကြီးဆုံး ခေါင်းဆောင် ရှုံးပါးသွားပြီ။ တနိုင်ငံလုံး ဝမ်းနည်းရတဲ့ နေ့ဖြစ်နေပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လူထုခေါင်းဆောင် ဆုံးပါးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ အိုးဘိုထောင်တွင်းမှာ ဆုံးပါး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးဟာ ဇွန်လ ၂၇ ရက်၊ မနက် ၉ နာရီဝန်းကျင်မှာ အိုးဘိုထောင် ထောင်ဆေးရုံမှာ ဆုံးပါးသွားတဲ့အကြောင်း ရေးသားထားတာပါ။ ဦးအောင်ကျော်ဦးဟာ ရုတ်တရက် အမောဖောက်လာပြီး မနက် ၇ နာရီခန့်မှာ ထောင်ဆေးရုံကို ပို့ရာမှာ နာရီပိုင်းအကြာမှာပဲ ဆုံးပါးသွားတာဖြစ်တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။
ဒီသတင်းထဲမှာ လူထုခေါင်းဆောင် ဆုံးပါးသွားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။