ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေအိမ်မှာ လူပြည့်နေပြီ။ ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်။ သတင်းအမှောင်ချပြီး စစ်အုပ်စု လျှို့ဝှက်လုပ်ဆောင်နေ။ ပြည်သူတွေ ပြည့်အောင်ရောက်နေကြပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အရေးပေါ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇူလိုင် ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း၏မိသားစုဝင် အဖြစ် ရဲအောင်သန်းကို အာဇာနည်နေ့ တက်ရောက်ခိုင်းမှု ဒေါ်အောင်ဆန်းစုကြည် ၏ သား ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က တရားဝင် ကန့်ကွက်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ရန်ကုန်ရှိ အာဇာနည်ဗိမာန်မှာ ပြုလုပ်ခဲ့တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင်လို့ဆိုကာ ရဲအောင်သန်းဆိုသူကို တက်ရောက်ခိုင်းခဲ့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်က တစ်ဆင့် တရားဝင် ကန့်ကွက်လိုက်တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။