ဒီအကြောင်းအရာကို Daily Ent ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူ ၂ သန်းကျော် ရှိနေပါတယ်။
ဖြန့်ဝေရာမှာ လေယာဉ် ပြင်ပကိုယ်ထည်ပေါ်မှာ ကုန်စည်တွေ၊ ဆိုင်ကယ်တွေ တင်ဆောင်နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုကလစ်တွေ ပါဝင်တဲ့ ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်ကို ဖြန့်ဝေထားတာပါ။
ဗီဒီယိုထဲမှာတော့ 'ဒီနိုင်ငံမှာ လေယာဉ်စီးရတာက ထီလက်မှတ်ကံစမ်းရသလိုပဲ..အသက်ကိုဖက်နဲ့ထုပ်ပြီး ရင်တလှုပ်လှုပ်နဲ့ စီးနိုင်မှသာ ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမှာမြင်နေရတဲ့အတိုင်းပဲ Safety first မဟုတ်ပဲ Safety last ဖြစ်နေလို့ပါ။ လုံခြုံမှုနဲ့ အကာအကွယ်က လုံးဝ လုံးဝကို ရှိမနေတဲ့အပြင် လေယာဉ်မောင်းသူနဲ့တကွ အခြားသော တာဝန်ရှိသူတွေဟာလည်း ခရီးသည်တွေကို ကောင်းကောင်းဂရုစိုက်တာမျိုး မရှိဘဲ စီးချင်စီး မစီးချင်နေ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ လူမျိုးတွေ မို့လို့ပါ။ အဲ့နိုင်ငံမှာ ပုံမှန်ဖြစ်ပျက်နေကြ သဘောမျိုးပါပဲ' စတဲ့ နောက်ခံစကားပြောနဲ့ ဗီဒီယိုကို ဖန်တီးထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲက အရုပ်ကဒ်တွေဟာ AI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတယ်ဆိုတာ သာမန်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
လေယာဉ်ကိုယ်ထည် ပြင်ပမှာ ကုန်ပစ္စည်းသယ်တယ်ဆိုတာဟာ ဟာသအနေနဲ့ (သို့) RCS (React, Comment and share) ရလိုမှုနဲ့ ဒီလိုလုပ်ကြံဖန်တီး ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
အီသီယိုးပီးယား လေကြောင်းလိုင်းနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ အဲယားကွန်ဂိုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်လည်ပတ်လုပ်ကိုင်နေပါတယ်။
လက်ရှိမှာ အဲယားကွန်ဂိုမှာ အီသီယိုးပီးယားလေကြောင်းလိုင်းမှ ငှားရမ်းထားတဲ့ Boeing 737 နဲ့ 800 နှစ်စင်းနဲ့
လည်ပတ်နေတယ်လို့ သိရပါတယ်။
APA news သတင်းဌာနမှာ ဖော်ပြထားတဲ့ Air Congo သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။