ဒီအကြောင်းအရာကို Khit Thit YGN ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ဧရာဝတီတိုင်းက ငသိုင်းချောင်း မြို့ကြီးတခုလုံး AA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ထိမ်းချုပ်လိုက်ပြီ။ ဧရာဝတီတိုင်းမှာ ပထမဆုံး မြို့သိမ်းနိုင်ခြင်းဖြစ်ပြီး အမြှောက်တပ် ၃၄၄ နဲ့ မြို့စောင့်တပ်ပါ ကျသွားခဲ့' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ငသိုင်းချောင်းမြို့ကို AA သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ DVB TV New မှာ ဇွန်လ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ 'ရေကြည် အမြောက်တပ်မှ စစ်ကောင်စီတပ်သား အများအပြားထွက်ပြေး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ကနေ စစ်ကောင်စီ တပ်သား အယောက် ၂၀ ထွက်ပြေးသွားကြောင်း၊ စစ်မြေပြင်မှာ တိုက်ပွဲအကျများလာတာကြောင့် စစ်သားတွေအများစုက စိတ်ဓာတ်တွေ ယိမ်းယိုင်ပြီး ထွက်ပြေးတာဖြစ်ကြောင်း၊ လက်ရှိမှာ ရေကြည်အမြောက်တပ် ၃၄၄ နားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံ ကြားနေရကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ငသိုင်းချောင်းမြို့ကို AA သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဒါ့အပြင် အာရက္ခတပ်တော်ရဲ့ သတင်းပြန်ကြားရေးချန်နယ် AA info Desk မှာလည်း ဒါမျိုးအကြောင်းအရာ ဖော်ပြထားတာ မရှိပါဘူး။
DVB TV New မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။