ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေယာဉ်မရှိရင် စစ်တပ် ပျက်ပြီ။ (၁၂) ရက်နေ့ သမိုင်းတွင်ပြီ။ နေပြည်တော်မှာ လေတပ်အရာရှိ အကုန် သစ္စဖောက်ပြီး အရေးကြီးဆုံး လေယာဉ်အစီး (၂၀) ဖောက်ခွဲပြီး ပြေး'လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်တပ်လေယာဉ်အစီး ၂၀ ဖောက်ခွဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ AI နည်းပညာနဲ့ ဖန်တီးပြုပြင်ထားတဲ့ လေယာဉ်မီးလောက်နေတဲ့ ပုံတွေကို အသုံးပြုပြီး နေပြည်တော်မှာ စစ်ကောင်စီ လေတပ်အရာရှိတွေက လေယာဉ်အစီး ၂၀ ဖောက်ခွဲ ထွက်ပြေးတယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုနေတာပါ။
စစ်တပ် လေယာဉ်အစီး ၂၀ ဖောက်ခွဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို စစ်တပ်လက်အောက်ခံ အဖွဲ့အစည်း၊ မီဒီယာတွေမှာ ဖော်ပြမထားသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။