ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''တပ်ချုပ်အသစ် ကြေညာ။ မင်းအောင်လှိုင် တရားဝင်ကြေညာချက်ထွက်လာ။ မင်းအောင်လှိုင် အနားယူမည်ဟု ကြေညာ နောက်ဆုံးတော့ နိဂုံးချုပ်ပြီး ပြေးရပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကော်မရှင်က ကာကွယ်ရေးဦးစီးချုပ် အသစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ အွန်လိုင်းပေါ်မှာ နိုင်ငံရေးသုံးသပ်ဆောင်းပါးတွေ ရေးသားဖြန့်ဝေနေတဲ့ ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မင်းအောင်လှိုင် နေရာ မည်သူ ဆက်ခံမည်နည်း' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဒီဆောင်းပါးထဲမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ မတ်လကုန်မှာ တက်လာမယ့် အစိုးရသစ် ထွက်ပေါ်လာမှုအပေါ် သမ္မတ မည်သူဖြစ်လာမလဲဆိုတာကို သတင်းပေါ် အခြေခံ သုံးသပ်ထားတာပဲ ဖြစ်ပါတယ်။
စစ်ကော်မရှင်က ကာကွယ်ရေးဦးစီးချုပ် အသစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



