ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ် ပိုက်လိုင်း ပြာကျသွားပြီ။ ကျောက်ဖြူမြို့ AA တပ်တော် အပြီးသတ် သိမ်းပိုက် (တရုတ် စက်ရုံအားလုံး AAသိမ်းပိုက် ၊မင်းအောင်လှိုင် ဆင့်ခေါ် ခံရပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကျောက်ဖြူမြို့ကို AA အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
လတ်တလော ကျောက်ဖြူမှာ အာရက္ခတပ်တော် (AA) ဘက်က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်လှုပ်ရှားမှု ရှိနေတဲ့အတွက် တိုက်ပွဲ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီး၊ မင်းပြင်၊ သိုင်းချောင်းစတဲ့ နေရာတွေအပြင် စစ်တွေမြို့နယ်တွေမှာ AA နဲ့ စစ်တပ် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတိုကို့သိမ်းပိုက်ထားတဲ့အပြင် ချင်းပြည်နယ် ပလက် ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားပေမယ့် ကျောက်ဖြူမြိုကို အပြီးသတ် သိမ်းပိုက်ရရှိခြင်း မရှိသေးပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



