ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်မှာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ခင်ရီနဲ့ ဘူးလက်လှဆွေ အရှင်ဖမ်းဆီး။ ရန်ကုန် မန္တလေး အမြန်လမ်း တိုက်ပွဲ ပြင်းထန်။ မဲဆွယ်သွားတဲ့ ကြံ့ခိုင်ရေး ဥက္ကဌ ဖမ်းဆီးခံရ။ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေပြီး မန္တလေးမြို့ အရေးပေါ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဦးခင်ရီနဲ့ ဘူးလက်လှဆွေ ကို အရှင်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ People's Spring သတင်းဌာနမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ကားတွေပိတ်မိနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ အောက်တိုဘာ ၂၇ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ ခရီးသွား ယာဥ်တွေ ၂ နာရီကျော်ကြာ ပိတ်မိနေကြောင်းနဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတဲ့အတွက် မုံရွာ-မန္တလေး လမ်းပေါ်က မအူရွာနဲ့ မြေနဲရွာကြား လမ်းပိုင်းကို အသုံးပြုလို့ အဆင်မပြေနိုင်သေးကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဘူးလက်လှဆွေ တို့ကို တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီး ရမိတယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



