ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၃ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု ၃၀၀ နီးပါးနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာကိုဖြုတ်ချပြီး အရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင် အဖြစ် ဖြစ်ကြေငြာပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပြီး တီမောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တီမောလက်စ်တေ နိုင်ငံကို ၁၁ နိုင်ငံမြာက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံ လိုက်တဲ့ သတင်းတွေကို အခြေခံပြီး အခြေအမြစ်မရှိ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံတယ်လို့ မလေးရှားနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ အတည်ပြု လက်မှတ်ရေးထိုး လိုက်တာပါ။
ဒီအကြောင်းအရာကို အခြေခံပြီး ဖေစ်ဘွတ်ပေါ်မှာ လူကြည့်များပြီး ငွေဝင်ဖို့ သက်သက် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ပြီး တီမောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် ကြေငြာတယ်ဆိုတဲ့ သတင်းမှားတွေ ရေးသား ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
တီမောကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



