ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရွေးကောက်ပွဲ တရုတ်သမ္မတ လက်မခံ။ ရွေးကောက်ပွဲ ဖျက်သိမ်းပြီ။ တရုတ်သမ္ပတ ကန့်ကွက်လိုက်ပြီး နိုင်ငံတကာ မီဒီယာတွေက ဖော်ပြလာ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်သမ္မတ ကန့်ကွက်လို့ စစ်ကောင်စီက ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ မေလ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ 'ရွေးကောက်ပွဲကို တရုတ်သမ္မတအားပေးထောက်ခံဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံတယ်လို့ လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုတဲ့ စကားတွေကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေက ဖော်ပြနေကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ တရုတ်သမ္မတ ကန့်ကွက်လို့ စစ်ကောင်စီက ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။