ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ AA က လေယာဉ်ရရှိထားပြီး ဘင်္ဂလားဒေ့ရှ်ဖက်က စစ်ကူပေးနေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ပြန်တယ်လို့ အဓိပ္ပါယ်ရတဲ့ခေါင်းစဉ်တွေကို ဓါတ်ပုံတွေနဲ့အတူထည့်သွင်းရေးသားထားတာဖြစ်ပါတယ်။
ဒီအကြောင်းအရာကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေထားတဲ့အကြောင်းအရာဟာ ဗီဒီယိုတွေမှာခေါင်းစဉ်တပ်ထားသလိုရခိုင့်တပ်တော်က ဘင်္ဂလားဒေ့ရှ်ဖက်က လေယာဉ်ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက်ကျရောက်သွားပြီဖြစ်၍ AA နှင့်မဆက်ဆံဘဲ နေမရတော့ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးအကြံပေးပြောဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုမရှိတော့ဘဲ AA လက်အောက် ကျရောက်သွားပြီဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အနေနဲ့ AA နဲ့ မဆက်ဆံဘဲ နေမရတော့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး Md. Towhid Hossain ကပြောဆိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေနဲ့ လိုအပ်သလောက် ဆက်ဆံရေးကို လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ စစ်ဘေးသင့်ပြည်သူတွေ အတွက်ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်တည်ဆောက်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူညီခဲ့ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဘင်္ဂလားဒေရှ့် က အာရက္ခတပ်တော်ကို လေယာဉ်စစ်ကူပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို လက်ရှိအချိန်အထိ ဘင်္ဂလားဒေရှ့အစိုးရက အေအေ ကိုဖြစ်စေ၊ ပြည်တွင်း EAOs တွေကိုဖြစ်စေ စစ်ရေးအရပါဝင်ထောက်ပံ့တာမျိုးမရှိသေးပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။