ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေရဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ တယ်လီဂရန်ချန်နယ်တွေမှာ အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'နတ်ရေကန် ဗျူဟာမှာအေအေ စစ်ဦးကျိုးသွားပြီ။ မနေ့ကတော့.အညာဒေသမှာ ဂျိုးဂျိုးဂျုတ်ဂျုတ် အသံ ပေးပြီး မုတ်သုတ်မိုးလဲ နှုတ်ဆက်သွားပြီ။ မြောက်ပြန်လေညှင်းအတူ အေးမြမှုလဲ ရောက်လာပြီ။ ဝင်လာတုံးက အသံမျိုးစုံ ပေးပြီး ဝင်လာတဲ့ မုတ်သုန်ဟာ ပြန်ထွက်တော့လဲ အသံပေးသွားတာပဲ။ ထို့အတူစွာပဲ. မနှစ်က.ဒီ လိုအချိန် နီးပါးမှာ သောင်းကျန်းသူ အေအေတို့ဟာ. ညာသံပေးဝုန်းဒိုင်းကြဲနတ်ရေကန်ဒေသကို ဝင်လာခဲ့ တနှစ်နီးပါး ဝိုင်းပတ် ပိတ်ဆို့. တိုက်ခိုက်ပြီးနောက်. အောက်တိုဘာလ မှာတော့.အနယ်နယ်အရပ်ရပ်က ဗမာ .ချင်း pdfတွေနဲ့. နောက်ဆုံး မီးတောက်. ဆိုရမလား ..မီးကုန်ယမ်းကုန် .ချကြတော. စစ်ပွဲအစမှာခေတ်သစ်ထိုးစစ်တွေကို. ခေတ်ဟောင်းခံစစ် ဥပဒေသ တွေနဲ့ အလုပ် မဖြစ်တော့တာကို ရှမ်းပြည်ဘက်မှာ မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတာကိုအချိန်မှီသင်ခန်းစားယူနိုင်ခဲ့တဲ့ တပ်မတော် ဟာ .အကြိမ်ကြိမ်. အလစ်အငိုက် သာလွန်အင်အားနဲ့ တက်လုံးတဲ့ရန်သူကို. လေကြောင်းပစ်ကူ .လက်နက်ကြီး ပစ္ကူ. ဒရုံး ပစ်ကူ .တောင်ထူထပ်သော .နတ်ရေကန်ဒေသမှာ. လေယာဉ်ပစ်ကူထိရောက်မှုနည်းသော်လဲ .မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ အနိုင်မခံအရှုံးမပေးသော .လူငယ်ပစတွေရဲ့ အစွမ်းကြောင်. အေအေဓာတ်ခဲဟာ. အားကုန်ပြီး နတ်ရေကန် ဒေသမှာ စစ်ဦး ကျိုးသွားပါပြီ။ သို့သော်လဲ. အကြမ်းဖက်အားပေးနှင့် .အေအေဘောမမီ ဒီယာများမှာတော့ .ဆူညံစွာ အော်ဟစ် နေဆဲပေါ့.. ပြန်ထွက်သွားတဲ့. မုတ်သုံမိုးနဲ့တောင်တူနေသေး.. အောင်စိတ်မြင့်မားလာသော တပ်မတော်ဟာ. အပေါင်းလက္ခဏာများပြီး .အေအေကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ. အသာစီးပြန်ရပြီလို့ ပြောလို့ရမှာ ဖြစ်သလို. မကြာခင် ဆုံးရှုံးထားသော .ရခိုင်မြေကို. ထိုးစစ်ကြီးတွေဆင်နွဲရင်း. ပြန်လည်ရယူတော့မှာ. သေချာနေပါတော့တယ်' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နတ်ရေကန်ဗျူဟာမှာ အေအေ စစ်ဦးကျိုးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်လော်ဘီတွေ လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
DVB သတင်းဌာနမှာ အောက်တိုဘာ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ သတင်းအရ 'ရခိုင်နဲ့မကွေးအစပ်က အေအေနဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျုဟာကုန်းကို စစ်တပ်က မြေပြင်တပ်ကူပို့ဖို့ ကြိုးစားရာကနေ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အခုရက်ပိုင်းမှာ အေအေက နတ်ရေကန်ဗျူဟာ အနားမှာရှိတဲ့ စခန်းတစ်ခုနဲ့ ပဇီရွာ ဘုရားကုန်းကို ထပ်မံ သိမ်းပိုက်ထားတယ်ဆိုပြီး သတင်းထွက်နေကြောင်း၊ နတ်ရေကန်စခန်းကိုလည်း လာမယ့် ရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်နိုင်တဲ့ အခြေအနေမှာ ရောက်နေပြီလို့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောကြောင်း၊ အာရက္ခတပ်တော်ဘက်ကတော့ နတ်ရေကန် ဗျူဟာကုန်းမှာ ရှိတဲ့ အနည်းငယ်သော လက်ကျန် နေရာတချို့ကို ထိုးစစ်ဆင်နေတဲ့အကြောင်း အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားကြောင်း' ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ အောက်တိုဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲကနေ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲ့ဝင် အချို့ကို လက်ရဖမ်းဆီးရရှိမှုတွေ ရှိနေသလို အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ဗျူဟာကုန်းရှိ အနည်းငယ်သော လက်ကျန်နေရာ အချိုကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနဲ့ ကစဉ့်ကလျားထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲဝင်အချို့နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ အတည်မပြုနိုင်သေးတဲ့ စစ်ရေးသတင်းတွေသာ ဖြစ်ပြီး စစ်တပ်လော်ဘီတွေ လုပ်ကြံဖြန့်ဝေနေတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



