သတင်းအတု

NUG နဲ့ ဆွေးနွေးချင်တယ်လို့ စစ်ကောင်စီက တောင်းပန်ပြီး ပြောလာတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးချင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က တောင်းပန်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 Aug 2023 9:47 AM IST

NUG နဲ့ ဆွေးနွေးချင်တယ်လို့ စစ်ကောင်စီက တောင်းပန်ပြီး ပြောလာတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို Shwe Fun ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ။” လို့ ရေးသားကာ Website တစ်ခုရဲ့ link ရယ် ဓါတ်ပုံတစ်ပုံရယ် နဲ့ တွဲတင်ထားပါတယ်။ ဒီဓါတ်ပုံထဲမှာ စစ်ကောင်စီခေါင်းဆောင် မိန့်ခွန်းပြောနေတဲ့ ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “NUG နဲ့ ဆွေးနွေးချင်ကြောင်း မင်းအောင်လှိုင် ရုပ်သံနဲ့ တောင်းပန်၊ PDF တွေကို မနိုင်တော့လို့ လက်လျော့ပြီတဲ့” လို့ ရေးသားထားပါတယ်။ ဒီ သတင်းအတုကို YouTube ချိန်နယ်တစ်ခုက Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားပြီး Video ပေါ်မှာ “NUG ကိုအာဏာလွှဲပေးချင်ကြောင်း မအလ ရုပ်တရက်ထုတ်ပြန်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို Facebook ပေါ်မှာရော YouTube ပေါ်မှာပါ ဖြန့်ဝေထားပြီး YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၃၇၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆွေးနွေးချင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က တောင်းပန်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၎င်းတို့ရဲ့ အာဏာသိမ်းဖြစ်စဉ်ဟာ မှန်ကန်ကြောင်း ဝါဒဖြန့်ချီနေဆဲဖြစ်ပြီး NUG နဲ့ ပတ်သက်သမျှ ထောက်ခံသူမှန်သမျှကို ဖမ်းဆီး နေဆဲသာဖြစ်ကာ စစ်ကောင်စီဘက်က တောင်းပန်ထားခြင်း တစ်စုံတစ်ရာ မရှိပါဘူး။ သတင်းအမှားဖြန့်သူကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေက ဝင်ရောက်ကြည့်ရှုဖို့ ညွှန်းထားတဲ့ Website Link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Website အတွင်းမှာ တစ်ခြားသတင်းတွေ တစ်ခြားအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories