ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ ခေတ်သစ် သတင်းဌာနကိုဆင်တူယိုးမှားပြုလုပ်ထားတဲ့ Youtube ချန်နယ်မှာ နိုင်ဝင်ဘာလ ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သမ္မတကြီး ဦးဝင်းမြင့် စစ်တပ်ကပြန်ဖမ်းဆီး။ မင်းအောင်လှိုင်ရဲ့ ညှိနှိုင်းမှု ဦးဝင်းမြင့် ပယ်ချလို့ ဖမ်းဆီးခိုင်းပြီ။ မြန်မာစစ်တပ်ရဲ့ယုတ်မာမှု ဂျာမနီဖွင့်ချ' ဆိုတဲ့ခေါင်းစဉ်တွေနဲ့ရေးသားထားတာဖြစ်ပါတယ်။
မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ DVB သတင်းဌာနမှာ နိုင်ဝင်ဘာလ ၈ ရက်နေ့က ဖော်ပြထားတဲ့ 'သမ္မတ ဦးဝင်းမြင့် အမှန်တကယ်မလွတ်မြောက်သေးဟု ဂျာမနီသံရုံးအကြီးအကဲပြော' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ သမ္မတ ဦးဝင်းမြင့်ကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားဆဲ ဖြစ်ပေမဲ့ စစ်အာဏာရှင်ကတော့ ထိန်းချုပ်ကန့်သတ်ထားတုန်းပဲလို့ ဂျာမနီသံရုံး အကြီးအကဲက ပြောကြားကြောင်း၊ သမ္မတ ဦးဝင်းမြင့်ရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ ရန်ကုန်မှာရှိတဲ့ ဦးဝင်းမြင့်ရဲ့ အိမ်ရှေ့ကိုသွားရောက်တဲ့ ဗွီဒီယိုကိုထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ကြောင်း၊ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ၆ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ အခုအချိန်အထိ သူနဲ့ တွေ့ခွင့်မရသေးကြောင်း၊ ဒါကြောင့် ဦးဝင်းမြင့်ဟာ အမှန်တကယ် လွတ်လပ်မှု မရှိသေးပါကြောင်းနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ထပ်မံအလေးပေး ပြောလိုကြောင်းတွေ ရေးသားထားတာပါ။
ဂျာမနီသံရုံး အကြီးအကဲရဲ့ ပြောစကားတွေထဲမှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးတယ်လို့ ပြောဆိုထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



