ဒီအကြောင်းအရာကို Khit Thit Burma ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒီတိုင်းဆို တော်လှန်ရေးရှုံးပြီ။ NUG ဝန်ကြီး (၅) အရှင်ဖမ်းမိ။ လူယုံတွေသစ္စာဖောက်လို့ NUG ဝန်ကြီး (၅)ဦးကိုစစ်တပ်ကဖမ်းမိ၊ (၃)နာရီအတွင်းသေဒဏ်ပေးဖို့ကြေညာ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG ဝန်ကြီး ၅ ဦးကို စစ်တပ်က အရှင်ဖမ်းဆီးရမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Myanmar Now သတင်းဌာနမှာ နိုဝင်ဘာလ ၉ ရက်နေ့က ဖော်ပြထားတဲ့ 'တိုက်ပွဲပြင်းထန်နေသော စစ်တွေတွင် မြို့ခံများ ထွက်ခွာခွင့်မရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ခြောက်မိုင်ခန့်အကွာကို ရောက်ရှိလာတဲ့အတွက် မြို့တွင်းတိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်နေကြသူများလည်းရှိကြောင်း၊ အာရက္ခတပ်တော်(AA) တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပေမယ့် အာဏာသိမ်းစစ်တပ်က ကုန်းလမ်း၊ ရေလမ်းမှ ထွက်ခွာခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို မတိမ်းရှောင်နိုင်ဘဲ မြို့ပေါ်မှာ ပိတ်မိနေကြကြောင်း၊ စက်တင်ဘာလ ၄ ရက်က စတင်ပြီး “၄၉၂၆ စစ်ဆင်ရေး”အမည်နဲ့ စစ်တပ်က စစ်တွေမြို့ရဲ့ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် စစ်တွေမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ကြောင်း၊ စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ထဲကို ထိုးဖောက်ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရရှိဘဲ ၎င်းတို့ထိန်းချုပ်နယ်မြေဖြစ်တဲ့ စစ်တွေမှာသာ တိုက်ပွဲဖြစ်ပွားလာတာဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ NUG ဝန်ကြီး ၅ ဦးကို စစ်တပ်က အရှင်ဖမ်းဆီးရမိတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



