ဒီအကြောင်းအရာကို မြန်မာအင်တာနက် အသုံးပြုသူတွေကြားမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စတင်ဖြန့်ဝေနေကြတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကလေးငယ်တစ်ဦး မြွေကြီးတစ်ကောင်နဲ့ ဆော့ကစားနေတဲ့ ပုံတွေနဲ့အတူ 'မွေးထားတဲ့မြွေကို သံလှောင်အိမ်ထဲ မထည့်ဘဲ အိမ်ထဲမှာ ပုံမှန်အတိုင်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတယ်။ ဒီမိသားစုမှာ ကလေးလည်း ရှိတယ်။ မြွေက ကလေးကို ဗိုက်ထဲမျိုချသွားခဲ့လို့ ဗီယက်နမ်မှာ အလွန်စိုးရိမ်ထိတ်လန့်ပြီး တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ခဲ့ရပါတယ်။
မြွေက ယဉ်ပါးတယ်၊ ပိုင်ရှင် ဒါမှမဟုတ် ကလေးကို ဘာမှမလုပ်ဘူးဆိုပြီး ဒီအတိုင်း လွှတ်ထားခဲ့တာ၊ နောက်ဆုံးတော့ ကလေးတစ်ယောက်လုံးကို မျိုချလိုက်တာပါပဲ။
တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ၊ ဘယ်သူက ပိုင်ရှင်လဲ၊ ဘာကို မစားရဘူးလဲဆိုတာ သူတို့ မသိပါဘူး။ စားလို့ရတာမှန်သမျှ အကုန်စားတာပါပဲ။ ထိုင်းသတင်းမှာဖော်ပြထာသောကြောင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်' လို့ ရေးသားဖြန့်ဝေနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗီယက်နမ်မှာ အိမ်မွေး စပါးကြီးမြွေတစ်ကောင်က ကလေးကို မျိုချခဲ့တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတဲ့ ပုံအတု ဖြစ်တာကို တွေ့ရပါတယ်။
အမှန်တကယ်တော့ မြွေနဲ့ ဆော့ကစားနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံတွေ နဲ့ ရုပ်သံဖိုင်တွေဟာ အင်ဒိုနီးရှားနိုင်ငံက Abdul Azis Albar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတဲ့ ပုံတွေနဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။
ဖြန့်ဝေသူတွေက ဒီပုံတွေနဲ့ ရုပ်သံဖိုင်တွေကို အသုံးပြုပြီး အစာစားပြီး ခန္ဓာကိုယ်ဖောင်းကားနေတဲ့ အခြားအကြောင်းအရာက မြွေတစ်ကောင်ရဲ့ ဓာတ်ပုံကို ပေါင်းစပ်ပြီး အိမ်မွေးမြွေနဲ့ ဆော့ကစားခဲ့တဲ့ ကလေး မြွေမျိုခံရတယ်ဆိုပြီး သတင်းမှား ဖြန့်နေကြတာပါ။
ဒီရုပ်သံဖိုင်တွေဟာ ဗီယက်နမ်နိုင်ငံက အကြောင်းအရာ မဟုတ်သလို ရုပ်သံဖိုင်ထဲက ကလေးငယ် မြွေမျိုခံရတယ်ဆိုတာလည်း သတင်းမှားဖြစ်ပါတယ်။
Abdul Azis Albar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ လက်ရှိအချိန်အထိ ကလေးငယ်နဲ့ ရုပ်သံဖိုင်ပါ မြွေကြီးရဲ့ ဓါတ်ပုံနဲ့ ဗီဒီယို အမြောက်အများကို နေ့စဉ် ဖြန့်ဝေနေဆဲ ဖြစ်ပါတယ်။
Abdul Azis Albar ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



