ဒီအကြောင်းအရာကို KhitThit Media Group ဆိုတဲ့ Youtube ချန်နယ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ သတင်းကောင်းကြားရပြီဟု အာဆီယံကြေငြာ။ ဒေါ်အောင်ဆန်းစုကြည် အာဆီယံဝန်ကြီးများအစည်းအဝေးတွ မိန့်ခွန်းပြောဖို့အရေးကြီးထုတ်ပြန်။ ပြည်သူတွေနိုင်ပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းကောင်း ကြားရဖို့ရတယ်လို့ အာဆီယံ ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media သတင်းဌာနမှာ စက်တင်ဘာ ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ် ကြိုဆိုမည့် မင်းအောင်လှိုင်မှာ စစ်ရာဇဝတ်မှုများအတွက် နိုင်ငံ တကာတွင် တရားစွဲဆိုမှုနှင့် အာဂျင်တီးနားနိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်ကို သတိပြုရန် ထိုင်းနိုင်ငံရေးသမား ကနာဝီ သတိပေး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ကော်ဇောနီခင်း ဖိတ်ခေါ်ကြိုဆိုမယ့် မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ တရားစွဲဆိုမှုနဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တာကို သတိပြုဖို့ ထိုင်းနိုင်ငံရေးသမား ကန်နာဝီ ဆွမ်ဆန်းက သတိပေးလိုက်ကြောင်း၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ဖို့ ဖိတ်ကြားပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးဖို့ စီစဉ်နေတဲ့အပေါ် ထိုင်းနိုင်ငံရေးသမားဟောင်း ကန်နာဝီ ဆွမ်ဆန်းက စက်တင် ဘာလ ၁၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်က တဆင့် ဝေဖန်သတိပေးလိုက်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းကောင်း ကြားရဖို့ရတယ်လို့ အာဆီယံ ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ထုတ်ပြန်ထားတာမျိုး မရှိသလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media သတင်းဌာနမှာ ဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



