HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
Top Block

"သူတို့ အချင်းချင်း ပြောတာပေါ့ နီပေါတွေပေါ့။ နီပေါတွေကနေပြီးတော့ ဘာလုပ်လုပ် နီပေါတွေကနေ ဖြန့်လိုဒီလိုဖြစ်တယ်ပေါ့။ တကယ်တမ်း ပြောရရင်တော့ နီပေါကလည်း လိုအပ်တာပဲ"

မုံရွာအောင်ရှင်နှင့် တွေ့ဆုံခြင်း

By - Boom Live Myanmar | 24 Aug 2020 9:09 AM GMT

ပါတီနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေထဲမှာ သတင်းအမှားတွေများစွာနေ့စဉ်ပေါ်ထွက်နေသလို ရွေးကောက်ပွဲအကြိုကာလမှာ NLD ပါတီနဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေ နေ့စဉ်နဲ့အမျှပေါ်ထွက်နေပါတယ်။

ဒီသတင်းတုသတင်းမှားတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေသာမက၊ ပါတီတွင်းမှာရှိတဲ့လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းအမှားတွေလည်းထွက်ပေါ်နေပြီး၊ ပါတီမူဝါဒ၊ ကိုယ်စားလှယ်လောင်းရွေးချယ်မှုစတဲ့ကိစ္စတွေမှာပါ သတင်းတု၊သတင်းအမှားတွေ ဖြန့်ဝေနေမှုတွေရှိပါတယ်။

ရွေးကောက်ပွဲကလမှာ ပါတီအချင်းချင်းနဲ့ ပါတီထောက်ခံသူတွေအချင်းချင်းကြား အကောင့်တု ၊အကောင့်ပုန်းများဖြင့်တိုက်ခိုက်မှုတွေရှိနေသလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလမှာ မဲပေးသူပြည်သူလူထုကိုဆုံးဖြတ်ချက်ဝေဝါးစေနိုင်ဖို့ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေလည်းထွက်ပေါ်နေပါတယ်။

ဒီအခြေအနေတွေအပေါ် NLD ပါတီမှာလက်ရှိကြုံတွေ့နေတဲ့ သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့၊ NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီရဲ့ အတွင်းရေးမှုး မုံရွာအောင်ရှင်နှင့်တွေ့ဆုံမေးမြန်းမှုကိဖေါ်ပြလိုက်ပါတယ်။။

ရွေးကောက်ပွဲအကြိုကာလ ကိုယ်စားလှယ်လောင်းစားရင်းတွေမထွက်ခင်ကရော ထွက်လာပြီးတော့ရော NLD နဲ့ပတ်သက်တဲ့သတင်းအမှားတွေအများကြီးထွက်နေတယ်။ ဘာကြောင့်ဒီလိုထွက်လာတယ်ထင်လဲ

ဒါကတော့ ဒီလိုဗျ။ ကိုဗစ်ကာလမှာလည်း လူစိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေပေါ့လေ။ သတင်းထဲမှာ မကြာခဏ လူစိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေ နောက်တစ်ချက်က မှတ်မိလိမ့်မယ်။ ဟိုးအစောပိုင်းတုန်းက ပုဂ္ဂိုလ် ၂ ယောက်ပေါ့။ တစ်ယောက်က ရဲမှူးဟောင်း မိုးရန်နိုင်ရယ် နောက် တစ်ယောက်က ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးခဲ့တဲ့ ဗိုလ်မှူးဟောင်း တစ်ယောက်ရယ်ပေါ့။ အဲ့ဒါတွေကို လူတွေက စိတ်ဝင်စားခဲ့ကြတယ်။ အခုရွေးကောက်ပွဲမှာ အဲ့ဒီလူတွေ ပြန်ပါလိမ့်မယ်။ အဲ့လူတွေ NLD ကနေ ဝင်ရောက် အရွေးခံမယ်ဆိုပြီး သတင်းလွှင့်လိုက်တယ်။ ဒါတွေကို NLD အနေနဲ့က ဒီလောက်ကြီး စိတ်ဝင်တစားနဲ့ သူတို့ကို ကိုယ်စားလှယ်လောင်းအနေနဲ့ မတင်ခဲ့ပါဘူး။ သူတို့ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ၂၀၁၅ တုန်းက ဦးကိုကိုကြီးတို့လို လူမျိုး၊ နောက်တစ်ခါ ဒေါ်ညိုညိုသင်း တို့လိုလူမျိုးတွေက အစပေါ့လေ။ အခုကျတော့ အဲ့ဟာတွေ အဲ့ကိစ္စတွေ ပြီးသွားတဲ့အခါကျတော့ NLD ကလည်း မရွေးတော့ဘူးဆိုတဲ့အခါကျတော့ အစ္စလာမ်ဘာသာဝင်တွေကို ၄၈ ယောက်ပဲ ခန့်တော့မယ်။ ၄၈ ယောက် ဝင်အရွေးခံဖို့အထိ ရွေးထားပြီးပြီ ဆိုပြီး လျှောက်ပြီးတော့ ပြောတာပေါ့ဗျာ။ ဒီဟာတွေ အကုန်လုံးက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း နဲ့ ပက်သက်လို့ ဆိုလို့ရှိရင် ဒီ NLD ထဲမှာ အောက်ခြေကနေ ရွေးတဲ့ အထဲမှာလည်း အဲ့လို မျိုး မပါခဲ့ပါဘူး။ တစ်ခါ တိုင်းကရွေးတဲ့ အထဲမှာလည်း မပါခဲ့ပါဘူး။ ဗဟိုက ရွေးတာလည်း ပိုပြီးတော့တောင်မှ စိစစ်သေးတယ်။ သူတို့ဒီ ဆွထားတဲ့ သူတို့ မြောက်ပေးထားတဲ့ သူတို့ မျှော်လင့်ထားတဲ့။ မျှော်လင့်ထားတယ် ဆိုတာလည်း သူတို့ ဖြစ်စေချင်တဲ့ သူတို့ ဖွနေတဲ့ ပုဂ္ဂိုလ်တွေ ပါမလာဘူး။ ပါမလာတော့လည်း ဘယ်လိုတစ်ခါ ထပ်ပြီး ပြောပြန်လဲဆိုတော့ ဒီလူတွေကိုတော့ ပါမလာဘူး။ ဒီလူတွေကို NLD က ပစ်ပယ်လိုက်ပြီ မသိချင်ယောင် ဆောင်နေပြီ ဆိုတာမျိုးတွေပါ တစ်ခါ လုပ်လာပြန်တယ်။ အားလုံးက အခြေခံအားဖြင့် ပြောရရင်တော့ ရွေးကောက်ပွဲကိုယ်စားလှယ် ရွေးတာကအစ NLD ကို တိုက်ခိုက်စရာ တိုက်ကွက်တွေ အများကြီး သူတို့ လုပ်ခဲ့တယ်။ အကျိုးသက်ရောက်မှုက သူတို့ ထင်နေတာ လူထု စိတ်ဝင်စားတဲ့သူ၊ လူထုကနေ အာရုံထဲမှာ ဖြစ်စေချင်တယ် ဆိုတဲ့သူတွေကို NLD က ပစ်ပယ်ထားတယ်ပေါ့။ လူထုက သဘောကျတဲ့သူတွေကို NLD က မရွေးဘူးပေါ့။ NLD က သူရွေးချင်တဲ့သူကို ရွေးသွားတယ်ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်စေချင်တယ်။


NLD နဲ့ပတ်သက်တဲ့သတင်းအမှားတွေကို ဗဟိုကဘယ်လောက်အာရုံစိုက်ဖြေရှင်းနေသလဲ။

အဲ့ဒီဟာကတော့ ဒီလိုဗျ။ ဗဟိုကတော့ ကျွန်တော်သိရသလောက်က ဗဟိုမှာ ပါတီနဲ့ ပက်သက်တဲ့ ပြောရေးဆိုခွင့်က ၁ ယောက်ပဲ ရှိတော့တယ်။ ဒေါက်တာဇော်မြင့်မောင် တစ်ယောက်ပဲ ရှိတော့တယ်။ ဒေါက်တာဇော်မြင့်မောင်ကလည်း နံပါတ် ၁ က သူ ကျန်းမာရေးအရ သူ အချိန်ပြည့် မဖြေရှင်းနိုင်ဘူး။ နံပါတ် ၂ ကတော့ သူ့မှာ တခြား အုပ်ချုပ်ရေး လုပ်ငန်းတွေ ရှိတယ်။ ဝန်ကြီးချုပ် အလုပ်ကလည်း ရှိသေးတယ်။ သူက အလွန် အလုပ်များတယ်ဗျ။ အဲ့ဒီအခါကျတော့ အချိန်ပြည့် မရှင်းနိုင်ဘူး။ တကယ်တမ်း ရှင်းပြနေရတာက ပြန်ကြားရေးကပဲ ရှင်းနေရတာပေါ့လေ။ ပြန်ကြားရေးကလည်း ပြောရရင်တော့ ပါတီနဲ့ ဆိုင်တဲ့ တာဝန်ရှိမှုပေါ့လေ။ ပါတီပြောရေးဆိုခွင့် ရှိသူလောက်တော့ မရှိဘူးပေါ့လေ။ အဲ့တော့ ပြန်ကြားရေးက တက်နိုင်သလောက်ပေါ့လေ ဖြေရှင်းပေးရတာပဲ။ ဒီဟာပဲရှိတယ်။ နောက်ကြားဖြတ်ပြီးတော့ ဖြေရှင်းတာက ပါတီ CEC ဆိုပြီးတော့ ဒေါက်တာမျိုးညွှန့် က အခုတလော ပြန်ပြီးတော့ ထွက်လာတယ်။ နောက် တစ်ခါတစ်ရံမှာ ပါတီရဲ့ CEC ပါပဲ အတွင်းရေါ်မှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကလည်း တစ်ခါတစ်ရံမှာ ဖြေရှင်းတာ တွေ့လာရတယ်။ ဒီလောက်ပါပဲ။ ကျန်တာ အများစုကတော့ ပြန်ကြားရေးက ဖြေရှင်းပေးရတာ များပါတယ်။ ရှိတဲ့ သတင်းတချို့တွေ ရှိတယ်။ မရှိတာလည်း များပါတယ်။ ကျွန်တော်ကတော့ ပြန်ကြားရေးအနေနဲ့က လာမေးတဲ့ဟာ တော်တော်များများပေါ့လေ။


Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ရဲ့ ပြောဆိုမှုတွေအပေါ် NLD က ပြန်ဖြေရှင်းတာ မတွေ့ရဘူး။ ဘာလို့ ပြန်မရှင်းတာဖြစ်မလဲ။

အဲ့ဒီဟာက ကျွန်တော်က မကြာခဏ ဖြေရှင်းတယ်။ ဖြေရှင်းတယ်ဆိုတာက ဒီသတင်းက အခြေအမြစ် မရှိဘူး။ ဒီဟာတွေက ဦးဌေးအောင် ပြောတဲ့အတွက်ကြောင့် သူ့စကားသူ တာဝန်ယူရမယ်။ အဲ့ဒါတစ်ချက် ဖြေရှင်းပေးတယ်။ နောက်တစ်ခါ ဒီ ဦးဌေးအောင် ပြောတဲ့ဟာတွေအပေါ်မှာ ပထမတုန်းကတော့ ကျွန်တော်တို့ ဒါကို ဂရုစိုက်စရာ မလိုဘူးဆိုပြီးတော့ ကျွန်တော်တို့ သဘောထားခဲ့တယ်။ သိပ်လွန်လာပြီ ဆိုတဲ့အခါမှသာ ကျွန်တော်တို့ ပါတီ CEC ကနေပြီးတော့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဆက်လက် အရေးယူ ဆောင်ရွက်မယ် ဆိုတာ ကျွန်တော်ဖြေရှင်းပေးခဲ့ပြီးပြီ။ ဒီကြားထဲမှာ ဒေါက်တာမျိုးညွှန့်လည်း အတော်အသင့် ဖြေရှင်းခဲ့တာတွေ ရှိပါတယ်။ ဒေါက်တာမျိုးညွှန်းကလည်း ဒါ သတင်းအမှားဖြစ်တယ် ဆိုတာလောက်တော့ ဖြေရှင်းတာ တွေ့တယ်။ ကျန်တဲ့ CEC တွေကတော့ ဖြေရှင်းတာ ကျွန်တော်တော့ မတွေ့ရသေးဘူး။


ပါတီနဲ့ပတ်သက်တဲ့ သတင်းအမှားတိုက်ခိုက်မှုတွေအပေါ် ပါတီမှာဘယ်လို ပေါ်လစီတွေထားတာရှိလဲ ဥပမာ ဒီသတင်းအမှားတွေကိုဖြေရှင်းဖို့ တစ်ဦးတစ်ယောက်ကို သတ်သတ်မှတ်မှတ်ထားတာရှိလား ဘယ်လိုကိုင်တွယ်နေလဲ

အခုနောက်ပိုင်းပေါ့လေ ကျွန်တော်တို့ပါတီရဲ့ ဗဟို ပြန်ကြားရေးနဲ့ ဗဟိုသုတေသန ၂ ဖွဲ့ပေါင်းပြီးတော့ ကျွန်တော်တို့က NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး Online Media Group ဆိုတာ ကျွန်တော်တို့ ဖွဲ့ထားပါတယ်။ အဲ့ဒီမှာ ဒီလိုသတင်းအမှားတွေကို ပြန်လည် တုန့်ပြန်ဖို့ အဲ့ Group လေး ကျွန်တော်တို့ ဖွဲ့ထားတာ ရှိပါတယ်။


ဒီကာလမှာ NLD အပေါ် ဘာသာရေးနဲ့ပတ်သက်ပြီး အထူးသဖြင့် islam ဘာသာဝင်တွေနဲ့ဆက်နွယ်ပြီး သတင်းအမှားတွေဖြန့်နေတာတွေ ဆက်တိုက်ထွက်ပေါ်နေတယ်။ဒါနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်လဲ

အဲ့ဒီဟာမှာလည်း ကျွန်တော်တို့က အစ္စလာမ် ဘာသာဝင် တင်မကပါဘူး။ NLD မှာ အစ္စလာမ်ဘာသာဝင်တွေ ရှိသလို ဟိန္ဒူဘာသာဝင်ရှိတယ်။ ခရိယာန်ဘာသာဝင်ရှိတယ်။ ဗုဒ္ဓဘာသာဝင်ရှိတယ်။ တခြား ဂျူးဘာသာဝင်တွေတောင်မှ ရှိကောင်း ရှိနိုင်ပါတယ်။ နောက် ဒီဟာတွေကို ကျွန်တော်တို့ ခွဲခြားဆက်ဆံမှု ဘာမှ မရှိဘူး။ NLD ရဲ့ ဖွဲ့စည်းပုံ မူဝါဒထဲမှာ ဒီကိစ္စတွေက အတိအလင်း ပြောပြီးသားပဲ။ ဒါတွေက ဘာသာပေါင်းစုံ၊ NLD ဆိုတာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အသက်အရွယ်ပေါင်းစုံ အလွှာပေါင်းစုံ NLD ပါတီရဲ့ မူဝါဒ သဘောထားကို လက်ခံတယ်ဆိုလို့ရှိရင် ပါတီဝင်အဖြစ် ကျွန်တော်တို့ လက်ခံထားတာပါပဲ။ အဲ့တော့ ဒီဟာကို ဒီအပေါ်မှာ ခွဲခြားဆက်ဆံမှု မရှိပါဘူး။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ မှတ်မိတယ်။ ၉၀ ခုနှစ်တုန်းကဆိုလို့ရှိရင် အစ္စလာမ်ဘာသာဝင် တချို့ ကိုယ်စားလှယ်အနေနဲ့ ပါခဲ့ကြပါတယ်။ သို့သော်လည်းပဲ ဒီဘက်နောက်ပိုင်းမှာတော့ အကြောင်းကြောင်းကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ အခု ၂၀၂၀ မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့မူလ မူဝါဒအတိုင်းပဲ ပြန်ပြီးတော့ အရွေးခံပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အရွေးခံဖို့ ရွေးထားတာတွေ ရှိပါတယ်။


အရင် မတိုင်ခင်ကာလတွေမှာ သတင်းအမှားဖြန့်ပြီး လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်ပေါ့။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာရော အဲ့လို အခြေအနေတွေ ပြန်ကြုံလာရနိုင်လား။

အဲ့ဒီဟာက ကျွန်တော်ထင်တာကတော့လေ ကျွန်တော်တို့ NLD စတက်ခါစ ကာလပေါ့ ၂၀၁၆ လောက်ကနေ စပြီးတော့ ဒီဘာသာရေး တိုက်ခိုက်မှု ပြင်းထန်လာတာကို တွေ့လာရတယ်။ အထူးသဖြင့်တော့ ၂၀၁၆ ခုနှစ်လောက်မှာ အားလုံး သိတဲ့အတိုင်းပဲဗျ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ကိစ္စတွေဖြစ်လာတယ်ပေါ့။ ဒီဘက် ပြည်တွင်းမှာလည်း အားလုံးသိကြတဲ့အတိုင်းပဲ ဒီ ကျွန်တော်တို့ မိတ္ထီလာ မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဖြစ်ကြတယ်။ တခြားနေရာ တချို့မှာလည်း ဒီလိုပဲ။ ဥပမှာ တောင်ဒဂုံ၊ မင်္ဂလာတောင်ညွှန့်တို့လို ဟာမျိုးတွေပေါ့။ အဲ့လို ဖြစ်တာမျိုးတွေ တွေ့လာရတယ်။ သို့သော် အဲ့ဒါတွေရဲ့ နောက်ကွယ်မှာ တကယ်တမ်း ပြောရလို့ ရှိရင်တော့ ပရောဂတွေ ပါတာ ကျွန်တော်တို့ သိတယ်။ အထူးသဖြင့်တော့ အရှေ့ကနေ ထွက်တာတော့ အမျိုးသားရေးဝါဒီဆိုတဲ့လူတွေက ရှေ့က ထွက်လာတာပေါ့။ အဲ့ဒီလူတွေရဲ့ နောက်မှာ ရှိတဲ့ ပရောဂ ဆရာတွေ ကျွန်တော်တို့ သိပါတယ်။ သိပြီးတော့ ကျွန်တော်တို့လည်း တော်တော်ကို သတိထားပြီးတော့ စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီးတော့ ကျွန်တော်တို့ရဲ့ သာသနာရေးဝန်ကြီးနဲ့ ဒါကို စောင့်ကြည့်ပြီးတော့ ဒါကို ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုပြီး တာဝန်ပေးတာတွေလည်း ရှိတယ်။ အဲ့တော့ သာသနာရေးဝန်ကြီးဌာနက နောက်ဆုံးမှာတော့ ဘယ်လောက်ထိ လုပ်လာသလဲဆိုတော့ တစ်ဖက်ကလည်း ကျွံလာတာတွေ ရှိတဲ့အခါကျတော့ ပထမဆုံး ဒီ ဦးဝီရသူတို့လို ဘူးလတ်လှဆွေတို့လို အလွန်အကျွံသမားတွေကို ကျွန်တော်တို့ ဖမ်းဝရမ်းထုတ်လိုက်တဲ့အခါမှာ တော်တော့ကို ငြိမ်သွားတယ်။ နောက်ပြီးတော့လည်း ဘာသာရေးအဖွဲ့ပေါ့လေ ၉၆၉ လိုဟာမျိုးကို ကျွန်တော်တို့ ဖျက်သိမ်းဖို့အထိတောင် လုပ်လိုက်တယ်။ ဒီလိုလုပ်ဖို့လည်း ကျွန်တော်တို့က သံဃာမဟာနာယက အဖွဲ့ကို လျှောက်ထားပြီး လုပ်ကြတာ။ အားလုံးသဘောတူတော့ ဒါတွေဟာ ဖျက်သိမ်းမှ ဖြစ်တော့မယ် ဆိုပြီး ဖျက်သိမ်းခဲ့တဲ့အနေအထားတွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့တော့ ဘာသာရေး ပဋိပက္ခ ဆန်တဲ့လုပ်ငန်းတွေတော့ တဖြည်းဖြည်းနဲ့ လျော့သွားတယ်။ တစ်ဖက်ကလည်း ခုနက ပြောတဲ့ အစွန်းရောက်နေတဲ့ ပုဂ္ဂိုလ် ၂ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်တဲ့အတွက်ကြောင့် တော်တော်လေးတော့ ငြိမ်သွားတယ်။ ငြိမ်သွားတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ပါတီထဲမှာရှိတဲ့ အစ္စလာမ်ဘာသာဝင် တချို့ရဲ့ အခွင့်အရေးပေါ့ အဲ့ဒါကို ကျွန်တော်တို့ အပြည့်အဝ မဟုတ်တောင်မှ တစ်စုံတစ်ရာ ရရှိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။


နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချပြီး သတင်းအမှား ဖြန့်မှုက NLD အနေနဲ့ မဲ ကျသွားနိုင်လား။

မကျသွားဘူးဗျ။ မကျသွားဘူး။ မကျသွားတာမှ ဥပဒေကြောင်းအရ ဒါ အားလုံးသိတဲ့အတိုင်းပဲ ကော်မရှင် ဥပဒေအရ၊ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးကို ဘာသာရေးနဲ့ မဲမဆွယ်ရဘူးဆိုတဲ့ဟာက ကျွန်တော်တို့က ကန့်သတ်ထားတာ ရှိတယ်။ ဒါ ဥပဒေကြောင်းအရ ကန့်သတ်ထားတာ။ ဒါတစ်ချက်ပေါ့။ နောက် တစ်ချက်ကတော့ အလွန်အကျွံ့ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် ကျွန်တော်တို့ တားနိုင်ခဲ့တယ်ပေါ့။ အဲ့ဒီ တားနိုင်ခဲ့တဲ့ အပေါ်မှာလည်း ကျွန်တော်တို့အတွက်က တော်တော်လေး အခြေအနေကောင်းသွားတယ်လို့ ပြောရမယ်။ ဒီကနေ့ ကာလမှာကတော့ ယေဘုယျပြောရရင်တော့ ဒီ ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်နိုင်မယ့် အနေအထားတော့ မတွေ့သေးဘူး။ အဲ့လိုပဲ ပြောရမှာပေါ့။


NLD လိုပဲ တခြားပါတီတွေအပေါ်မှာလည်း သတင်းအမှားတွေနဲ့တိုက်ခိုက်နေကြတာတွေရှိတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးဘယ်လိုသုံးသပ်လဲ

အဲ့ဒီဟာက ကျွန်တော်မြင်တာပေါ့လေ တခြားပါတီငယ်လေးတွေကို တိုက်ခိုက်တာတော့ အလွန်နည်းပါတယ်။ အထူးသဖြင့်တော့ အဓိက Target ကတော့ ကျွန်တော်တို့ NLD ပါတီပါပဲ။ အဲ့ဒီ NLD ပါတီကိုပဲ အဓိကထားပြီးတော့ Target လုပ်ပြီး တိုက်တယ်။ ဒီကြားထဲမှာ စောစောက ပြောသလိုပဲ တနွယ်ငင် တစ်စင်ပါ ပါတီငယ်လေးတွေပေါ်မှာတော့ သက်ရောက်မှုရှိတဲ့ တိုက်ခိုက်မှု တချို့တော့ ကြုံရတာပေါ့လေ။ ကျွန်တော် Particularly ကျွန်တော်မပြောနိုင်ဘူးဗျ အဲ့ဒီဟာတော့။ ရှိတာကတော့ သေချာတယ်။ ပါတီငယ်လေးတွေ ဆိုတော့လည်း တစ်ခါတစ်ရံ ကျတော့လည်း သိပ်မပြောသာတော့ဘူးပေါ့။ အဲ့ဒါမျိုးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။


ရွေးကောက်ပွဲကာလမှာ သတင်းအမှားတွေကဘယ်လောက်အန္တရာယ်များလဲ

ရှိနိုင်တယ်။ အဲ့ဒါ အန္တရာယ်များနိုင်တယ်။ သို့သော်လည်းပဲ တစ်ချက်တော့ရှိတယ်။ ဥပမာဆိုပါစို့ အမေရိကမှာပေါ့လေ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ Online Media တွေကို အသုံးချပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ထရမ့်က အနိုင်ရတယ်လို့ ကျွန်တော်သဘောပေါက်တယ်။ ဒါတွေအပေါ်မှာ တစ်ဖက်က ဆိုဗီယက် ရုရှလိုနိုင်ငံမျိုးကတောင်မှ အကူအညီပေးတယ်လို့ သတင်းတွေ ဘာတွေ ထွက်လာတာပေါ့။ အဲ့ဒါက သူတို့ နိုင်ငံတွေမှာကတော့ ဒီ Online Media ရဲ့ လွှမ်းမိုးမှုကတော့ ကြီးတယ်။ ကြီးတဲ့အခါကျတော့ ရွေးကောက်ပွဲ တစ်ခုရဲ့ အပြောင်းအလဲပေါ့လေ။ ရွေးကောက်ပွဲရဲ့ အရွေ့ အများကြီး ရွေ့သွားနိုင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာကတော့ ဒီလောက်ထိ မဖြစ်ဘူး။ ဖေ့စ်ဘွတ်ကြည့်ကြတဲ့ သူတွေကတော့ အများကြီးရှိပါတယ်။ ရှိသော်ငြားလည်း တစ်ဖက်မှာ ဖေ့စ်ဘွတ်မှာ မဟုတ်တာ ရေးသလိုပဲ NLD ကို လိုလားတဲ့ အဖွဲ့ တွေကလည်း ဒါကိုချက်ချင်း တုန့်ပြန်တာကို တွေ့ရတယ်။ အဲ့ဒါ ကျွန်တော့အမြင်ကတော့လေ ဒီဟာက သိပ်ပြီးတော့ ထိရောက်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ မရှိတော့ဘူးလို့ ကျွန်တော်မြင်တယ်။ တင်တဲ့သူကတော့ တင်နေတာပဲ။ ယာယီခဏတော့ သူတို့ မှန်တယ်လို့ ထင်တယ်။ မှန်တယ်လို့ ထင်ပြီးတော့ မန့်နေကြတာတွေ အများကြီးပဲ။ ကျွန်တော်တို့လည်း ဒီလိုပဲ ဦးအောင်ရှင်က ဘာပြောလိုက်ပြီတို့ အဲ့ဒီ ဦးအောင်ရှင်ကြီးက သေခါနီးမှ ဘာဖြစ်တယ် ညာဖြစ်တယ်တို့ ပြောတာတွေရှိတယ်။ နောက်ကျတော့မှ ဟာ မဟုတ်ဘူး ဆိုတော့မှတစ်ခါ ဖြစ်ပြန်ရော။ ကိုဇော်ဌေးနဲ့ ကိစ္စဆိုတုန်းကလည်း ဒီလိုပဲ ကျွန်တော်လည်း မပြောဘဲနဲ့ ပြောပါတယ်ဆိုပြီး လုပ်တော့မှ ကျွန်တော်ပြန်ဖြေရှင်းတော့ ပြီးသွားတာပါပဲ။ အဲ့လိုပေါ့။ ဗမာလူထုရဲ့ နိုင်ငံရေးအခံကတော့ NLD ကို အခုချိန်မှာ သတင်းအမှားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် လုပ်ဖို့ ခက်ပါတယ်။


လက်ရှိမှာ NLD နဲ့ ပက်သက်တဲ့ သတင်းအမှားတွေက ပြည်လူလူထုကြား ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ

လူထုရဲ့ နိုင်ငံရေး မျက်စိပွင့်မှုပေါ့။ လူထုက နိုင်ငံရေး မျက်စိပွင့်လာတယ်။ အထူးသဖြင့် NLD အပေါ်မှာ ထောက်ခံမှု များလာတယ်။ များလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ထင်တယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က သူတို့အပေါ်မှာလည်း ဒီအတိုက်အခံက ပြည်ခိုင်ဖြိုးပဲ ထားပါတော့ အတိုက်ခံတွေအပေါ်မှာလည်း လူထုမယုံကြည်မှုတွေရှိတယ်။ သူတို့ဘာလုပ်လုပ် သူတို့ကို အကောင်းမမြင်ဘူး။ ဒါကလည်း ဗမာလူမျိုးတွေရဲ့ စရိုက်ပဲလို့ ထင်တာပဲလေ။ မကြိုက်တော့ရင် လှည့်ကို မကြည့်တော့ဘူး။ ဒါမျိုးတွေ ဖြစ်လာတယ်။ အဲ့ဒါကြောင့်ပါ။ သူတို့ဘာလုပ်ပြ လုပ်ပြ မယုံကြည်ဘူး။ အဲ့ဒါမျိုး ဖြစ်လာတယ်။


ပါတီနဲ့ပတ်သက်တဲ့သတင်းအမှားတွေကို အမှန်လို့ယုံနေကြတာတွေရှိတယ်။ ပြီးတော့လည်းနေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာတွေရှိတယ်။ ဒီအပေါ်မှာသတင်းအမှားတွေနဲ့ပတ်သက်လို့ ပြည်သူတွေကို အသိပေးချင်တဲ့ Message တစ်ခုခုပြောပါဦး

ပြည်သူလူထုကလေ ကျွန်တော်မြင်တာကတော့ မျက်စိတော်တော်ပွင့်ပါတယ်။ နိုင်ငံရေးအရ မျက်စိပွင့်ပါတယ်။ ဘယ်ဟာသတင်းအမှားလဲ ဘယ်ဟာသတင်းအမှန်လဲ။ ဘယ်ဟာဖြစ်နိုင်ခြေရှိတဲ့သတင်းလဲ။ ဘယ်ဟာ လုပ်ကြံထားတဲ့သတင်းလဲ သိတယ်ဗျ။ အခုတော့ သူတို့ အချင်းချင်း ပြောတာပေါ့ နီပေါတွေပေါ့။ နီပေါတွေကနေပြီးတော့ ဘာလုပ်လုပ် နီပေါတွေကနေ ဖြန့်လိုဒီလိုဖြစ်တယ်ပေါ့။ တကယ်တမ်း ပြောရရင်တော့ နီပေါကလည်း လိုအပ်တာပဲ။ ချက်ချင်း ပြန်တုန့်ပြန်တာပဲ။ ချက်ချင်း ပြန်ဆဲပလိုက်တာပဲ။ ကိုယ်တောင်မှ တစ်ခါတစ်ရံ အားတောင် အားနာတယ်။ ဘာလုပ်လုပ် သူတို့က ဆက်ဆက်ထိ မခံဘူး။ အဲ့လိုဖြစ်လာတဲ့အခါကျတော့လေ သူတို့ သတင်းအမှားလုပ်တဲ့ဟာက ကျွန်တော်မြင်တာကတော့ မအောင်မြင်နိုင်ဘူး။ တင်ခါစမှာတော့ မသိတဲ့သူတွေကတော့ ယုံကြည်မှာပေါ့လေ။ ရုတ်တရက်တော့ ယုံကြည်တယ်။ နောက်ပိုင်းကျတော့ ဒါ မဟုတ်ဘူးဆိုတာလည်း ပြောလိုက်ရော ဒီယုံကြည်မှုက ပျက်သွားတာပါပဲ။ ကျွန်တော်မြင်တာတော့ သတင်းအမှားက ရှိတော့ ရှိမှာပါပဲ။ ရှိတဲ့နေရာမှာ ပါတီအနေနဲ့လည်း လူထုကိုချည်း အားကိုးနေလို့ မရဘူး။ ကိုယ့်ဘက်ကလည်း အမှန်ဖြစ်အောင် ရှင်းပြနိုင်ရမယ်။ ရှင်းပြဖို့လည်း လိုတယ်။ ရှင်းပြဖို့လည်း ကျွန်တော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။ ထို့အတူပဲ လူထုရဲ့ နိုင်ငံရေး ရေချိန်က မြင့်လာတယ်။ မြင့်လာတဲ့အတွက်ကြောင့် ဒီသတင်းအမှားတွေက တော်ရုံတန်ရုံနဲ့တော့ အောင်မြင်လိမ့်မယ်လို့ မထင်ဘူး။

Related Stories