BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ပွဲဆူစေတဲ့ မာယာကော့ဗ်စကီးကဗျာဆိုတာ...
Top Block

ပွဲဆူစေတဲ့ မာယာကော့ဗ်စကီးကဗျာဆိုတာ တကယ်ရှိရဲ့လား

လူမှု့ကွန်ယက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာဟာ ရုရှားကဗျာဆရာကြီး မာယာကော့ဗ်စကီး ရဲ့ ကဗျာကို ကူးယူရေးသားထားတယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေအမြောက်အများရှိခဲ့ပြီး ဒီကိစ္စအပေါ်ဆွေးနွေးငြင်းခုန်မှုတွေရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  17 Sept 2020 5:10 PM IST
  • ပွဲဆူစေတဲ့ မာယာကော့ဗ်စကီးကဗျာဆိုတာ တကယ်ရှိရဲ့လား

    ဘယ်ကစသလဲ

    ဒီရေးသားဖြန့်ဝေမှုဟာ လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံနှံ့မှုအလွန်မြင့်တက်ခဲ့ပြီး အဆိုပါ ပိုစ့်တွေရဲ့ အောက်ဆုံးရေးသားသူနေရာမှာ စီနီယာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကို Credit ပေးထားပြီး ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    ဒါ့အပြင် မြတ်သန်းထိုက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောဆိုမှုလည်းတွေ့ရပါတယ်။ အဲ့ဒီ မြတ်သန်းထိုက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က "ဒီနေ့ ကျနော်နှစ်သက်မိတဲ့ ရုရှားစာရေးဆရာကြီး ဗလာဒီမာ မာယာကော့ဗ်စကီးရဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကဗျာလေးရဲ့ အမည်ကတော့ "ဂုဏ်" လို့ အဓိပါယ်ရပါတယ်။ ရှရှားလိုရော english လိုရော နှစ်ဘာသာနဲ့ ဖော်ပြပေးထားလို့ ဖတ်ရှု့ခံစားကြည့်ပါဦး" (စာလုံးပေါင်းသတ်ပုံမူရင်းအတိုင်း) လို့ ရေးထားပြီး ၎င်းပိုစ့်ရဲ့အောက်မှာ ရုရှားဘာသာစကား၊ English ဘာသာစကားနဲ့ ဖော်ပြထားတဲ့ ကဗျာစာသားတွေကို ဖော်ပြထားပါတယ်။

    အဲ့ဒီပိုစ့်ရဲ့အောက်ဆုံးမှာတော့ "စာရေးဆရာကြီး ဗလာဒီမာ မာယာကော့ဗ်စကီးကို ခရက်ဒစ်ပေးပါတယ်။ မြန်မာလို ဘာသာပြန်ထည့်ရေးရင် အဆဲခံရမစိုးလို့ထည့်မရေးတော့ဘူး" လို့ရေးသားထားပြီး Wikipedia မှာ တင်ထားတဲ့ မာယာကော့ဗ်စကီးရဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။

    အဲ့ဒီပို့စ်ကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့တဲ့ မြတ်သန်းထိုက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ လူမှုကွန်ယက်ပေါ်က ပြန်လည်ပျောက်ကွယ်သွားပြီး ၎င်းရဲ့အကောင့်ကို Deactivate ပြုလုပ်သွားတယ်လို့ ယူဆရပါတယ်။

    နောက်ထပ် ဘယ်လို ဖြန့်ဝေကြသလဲ

    အဆိုပါ ကဗျာကို စတင်ဖြန့်ဝေခဲ့တယ်လို့ ယူဆရတဲ့ မြတ်သန်းထိုက် အကောင့်က ရုရှား နဲ့ English ဘာသာစကားကို အသုံးပြုပြီး ဖြန့်ဝေခဲ့ပေမယ် နောက်ထပ် ဝေမျှသူတွေဟာ ရုရှား၊ English နဲ့ မြန်မာဘာသာ စကားအပါအဝင် ဘာသာစကား (၃) မျိုးနဲ့ ဖြန့်ဝေထားတာကို တွေ့ရပြီး ကဗျာရဲ့ ခေါင်းစဉ်ကို ဂုဏ် (Proud) လို့ အမည်ပေးထားပါတယ်။

    ရေးသားဖြန့်ဝေမှုအပြည့်အစုံကို ဒီမှာ ဖတ်ပါ။

    ဒီလိုဘာသာစကား (၃) မျိုးနဲ့ ဖြန့်ဝေထားတဲ့ ကဗျာကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဖြန့်ဝေထားကြပြီး လူမှု့ကွန်ယက်ပေါ်မှာ လူပေါင်း သိန်းချီအထိ ပျံနှံ့နေကြသလို ၎င်းပိုစ့်တွေရဲ့ အောက်မှာ Google Translate သုံးပြီး Arabic ဘာသာစကားပြောင်းပြီး Comment မှာ နောက်ပြောင် ရေးသားနေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာကြီး မာယာကော့ဗ်စကီးနဲ့ တူနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ မူရင်းမြန်မာကဗျာစာသားကို ရုရှဘာသာစကား၊ English ဘာသာစကားအဖြစ် ဘာသာပြန်ပြီး လုပ်ကြံဖြန့်ဝေရေးသားထားတာကို တွေ့ရပါတယ်။

    ကဗျာရေးသားဟန်

    ဗလာဒီမာ မာယာကော့ဗ်စကီးရေးသားခဲ့တဲ့ ကဗျာအားလုံးစုစည်းထားတဲ့ စာအုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာနဲ့ တူတဲ့ အကြောင်းအရာ တစ်ခုမှ ပါဝင်မှုမရှိသလို အဲ့ဒီကဗျာနဲ့တူတဲ့ တခြားကဗျာအမျိုးအစားလည်း Google မှာ မရှိပါဘူး။

    မာယာကော့ဗ်စကီးဟာ နိုင်ငံရေးလောကမှာနဲ့ အနောက်တိုင်း ကဗျာဆရာတွေကြားမှာ Futurist (အနာဂတ်ဝါဒီ၊ တိုးတက်လွန်းသော အမြင်နဲ့ အစဉ်အလာဟောင်းကို တော်လှန်တဲ့ စာပေအနုပညာရှင်) လို့ လူသိများပြီး ၎င်းရဲ့ ကဗျာတွေထဲမှာ သူ့ယုံကြည်တဲ့ နိုင်ငံရေးယုံကြည်ချက်တွေ ခံယူချက်တွေကို စကားလုံးပြင်းပြင်းထန်ထန်နဲ့ ရေးသားတဲ့ နိုင်ငံရေးကဗျာဆရာ တစ်ဦးသာဖြစ်ပါတယ်။ ၎င်းရဲ့ ကဗျာရေးသားဟန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာရေးဟန်နဲ့ လုံးဝမတူပါဘူး။

    သဒ္ဒါမှားယွင်းမှု

    မာယာကော့ဗ်စကီးရဲ့ ကဗျာပါလို့ ပြောဆိုထားတဲ့ English ဘာသာပြန် စာသားတွေထဲမှာ သဒ္ဒါ အမှားပေါင်းများစွာ ပါဝင်နေပါတယ်။ ကဗျာ ခေါင်းစဉ်က "Proud" ဆိုတဲ့ စကားလုံးဟာ "ဂုဏ်ယူသော" လို့ အဓိပါယ်ရတဲ့ နာမဝိသေသန သာဖြစ်ပြီး "ဂုဏ်" ဆိုတဲ့ အဓိပါယ်ထွက်ဖို့ "Pride" ဆိုတဲ့ "နာမ်" ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် "beating" ဆိုတဲ့ စကားလုံးဟာ "beat" ဆိုတဲ့ ကြိယာကို "ing" ပေါင်းထားတာ ဖြစ်တဲ့အတွက် အရှေ့မှာ "the" သုံးလို့ လုံးဝ မရပါဘူး။ ဒီလို အခြေခံအဆင့် သဒ္ဒါမှားယွင်းမှု ပေါင်းများစွာနဲ့ ရေးသားထားမှုဟာ နိုင်ငံတကာက ဘာသာပြန်ထားတယ်ဆိုတဲ့ အချက်နဲ့ လွဲနေပါတယ်။

    ရုရှားဘာသာစကား ကျွမ်းကျင်သူ တစ်ဦးကလည်း မာယာကော့ဗ်စကီးရဲ့ ကဗျာတွေဟာ သဒ္ဒါပိုင်း ဆိုင်ရာ အရမ်းမြင့်တဲ့အတွက် မြန်မာလို ပြန်ဖို့ Google Translate နဲ့ ပြန်ထားတာ ဖြစ်နိုင်တယ်လို့ လူမှုကွန်ပေါ်ပေါ်မှာ မှတ်ချက်ပေး ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အခုလိုရေးသားဖြန့်ဝေမှုဟာ လုပ်ကြံဖန်တီး ရေးသားထားတယ်ဆိုတာကို သိနိုင်ပါတယ်။

    ဒီကဗျာနဲ့ ပတ်သက်ပြီး ကဗျာကို မူရင်းပိုင်ဆိုင်ခွင့်ရသူ ဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို Boom Myanmar က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီးက "ကျွန်တော်က အမေစုဆီက ဒီကဗျာကို တောင်းတာက ကျွန်တော်သိမ်းထားချင်လို့ အမှတ်တရ ကဗျာလေးရေးပေးပါဆိုပြီး တောင်းတာ မဟုတ်ဘူးလေ။ အင်တာနေရှင်နယ်က ကဗျာဆရာတွေရှေ့မှာ ရွတ်ဖို့အတွက် တောင်းတာလေ။ သူက Oxford တက္ကသိုလ် တက်ခဲ့တယ်။ မြန်မာစာ ၊ English စာကို ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်ဖတ်နိုင်တယ်။ ပြင်သစ်ဘာသာစကားကို ပြောနိုင်တယ်။ အဲ့ဒီလို ကမ္ဘာ့စာပေကိုလည်း နှံ့စပ်တယ်။ သူကိုယ်တိုင်လည်း စာရေးဆရာမလို့ ပြောလို့ရတယ်။ သူကိုယ်တိုင်လည်း စာတွေရေးနေတာ သူ့စာအုပ်တွေကို ဒေါ်လာသန်းချီပြီးတော့ ဝယ်ပြီးတော့ Publish လုပ်နေကြတာလေ။ အဲ့ဒီလို အမျိုးသမီးက ဒီ မာယာကော့ဗ်စကီးရဲ့ ကဗျာကို သူ့ကဗျာပါ ဆိုပြီးတော့ ရေးပေးပါ့မလား။ ပထမတစ်ခါတုန်းကလည်း သူတို့ ဘာလုပ်ကြသလဲဆိုတော့ ဒါဟာ ကဗျာမဟုတ်ပါဘူး။ ဒါက လျှောက်ရေးထားတာပါ။ သတ်ပုံက ဘယ်နားက ဘယ်လို မှားနေတာပါ။ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုပြီး ပထမ တိုက်ခိုက်တယ်။ အဲ့ဒါပြီးသွားတော့ တစ်ခါ ဒါဟာ မာယာကော့ဗ်စကီးရဲ့ ကဗျာပါလို့ လုပ်ပြန်တယ်" လို့ မင်းထင်ကိုကိုကြီးက သုံးသပ်ပြောဆိုပါတယ်။

    လက်ရှိဖြန့်ဝေကြတဲ့ပို့စ်တွေနဲ့ပတ်သက်လို့ ဒီကဗျာစံချိန်တင်လေလံစျေးနဲ့ ရောင်းထွက်ခဲ့တဲ့အခြေအနေအပေါ် တိုက်ခိုက်သူတွေရှိပြီး ဒီအခြေအနေက လုပ်ကြံဖြန့်ဝေခြင်းဖြစ်ကြောင်း မင်းထင်ကိုကိုကြီးကဆိုပါတယ်။

    "နောက်တစ်ချက်သူတို့ မှားသွားတာက ဘာလဲဆိုတော့ ဒီ မာယာကော့ဗ်စကီးပေါ့နော်။ ဒီကဗျာဆရာကို အင်မတန်နှစ်သက်တဲ့ ကဗျာဆရာကြီးတွေက မြန်မာနိုင်ငံမှာ ရှိနေပြီးသား။ ကဗျာဆရာကြီးတွေ မောင်သာနိုးတို့ သစ္စာနီတို့ အဲ့ဒါတွေက ရှိထားပြီးသား။ အဲ့ကဗျာဆရာနာမည်ကို ဆွဲသုံးပြီးတော့ ဒါ Copy ပါဆိုပြီးတော့ လုပ်တာက သူတို့ရဲ့ ဉာဏ်တိမ်မှုပေါ့နော်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    အဆိုပါကဗျာနဲ့ပတ်သက်တဲ့စွတ်စွဲရေးသားထားတဲ့ပို့စ်တွေကြောင့် စာပေနယ်ပယ်က ကျွမ်းကျင်သူတွေက မာယာကော့ဗ်စကီးရဲ့ကဗျာမဟုတ်ကြောင်းထောက်ပြဖြေရှင်းကြတာတွေရှိသလို လုပ်ကြံဖြန့်ဝေတဲ့အဆိုပါဖေ့စ်ဘွတ်ပို့စ့်တွေနဲ့ပတ်သက်လို့ ဝေဖန်ငြင်းခုန်မှုများစွာ လည်းရှိခဲ့ပါတယ်။


    Tags

    fake newsDaw Aung San Suu KyicopypoemMayakovsky
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာကြီး မာယာကော့ဗ်စကီးရဲ့ ကဗျာကို ကူးချထားတယ်ဆိုတဲ့ အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!