ကိုဗစ် ဘာဆက်ဖြစ်နိုင်သလဲ

ဒီနေ့မတ်လ ၂၃ ရက်ဟာ မြန်မာပြည်မှာ ကိုဗစ် - ၁၉ ရောဂါ စတင်ပျံ့နှံ့ရောက်ရှိခဲ့တာ တစ်နှစ်ပြည့်ပါ တယ်။

ဒီနေ့မတ်လ ၂၃ ရက်ဟာ မြန်မာပြည်မှာ ကိုဗစ် - ၁၉ ရောဂါ စတင် ပျံ့နှံ့ရောက်ရှိခဲ့တာ တနှစ်ပြည့်ပါ ပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ကုသရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေဆဲကာလ၊ stay at home စတဲ့ ရောဂါကာကွယ်ရေး စီမံကိန်းများ ဆောင်ရွက်နေဆဲကာလမှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် နိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း ကိုဗစ် -၁၉ ကာကွယ် ကုသရေးလုပ်ငန်းစဉ်များလည်း ကမောက်ကမဖြစ်ကာ စဉ်ဆက်မပြတ် လုပ်ဆောင်မှုတွေလည်း မပြုလုပ်နိုင်တော့တာကို တွေ့ရပါတယ်။

ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းသွားတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုဟာ မြန်မာပြည်မှာ ပိုများလာနိုင်သလား၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးတွေ ကြုံတွေ့ရနိုင်သလဲဆိုတာကို ယူကေနိုင်ငံ ‌ဝေလပြည်နယ်တွင် အရေးပေါ်ဆရာဝန်အဖြစ် လုပ်ကိုင်နေတဲ့ ဒေါက်တာချမ်းသာစိုးထံ ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပြည်တွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ အခုဆိုရင် ရက်သတ္တ ၃ ပတ်ရှိခဲ့ပါပြီ။ လူစု လူဝေး အဆက်မပြတ် ရှိနေတဲ့အနေအထားဖြစ်ပေမယ့် MOHS ရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုဟာ တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါဟာ ဆေးစစ်ပေးမယ့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ စင်တာတွေမရှိတာကြောင့်ရယ်၊ လာစစ်တဲ့သူ နည်းပါးသွားလို့ကြောင့်ရယ်ဆိုပြီး ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ ဆရာ့ရဲ့ အတွေ့အကြုံအရ ဒီအပေါ်မှာ သုံးသပ်ချက် ပေးလို့ရမလား။

အခုအချိန် မြန်မာပြည်ရဲ့ နိုင်ငံရေး အနေအထားအရ MOHS ရဲ့ ထုတ်ပြန်ချက်တွေဟာ ၁၀၀ ရာနှုန်းတော့ မှန်ဖို့ မလွယ်ပါဘူး။ ပိုးတွေ့နှုန်းကျသွားရတာဟာ အကြောင်းကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ တကယ် ဒုတိယလှိုင်းလွန်သွားလို့ ကျသွားတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူတွေလာ မစစ်တော့တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အခု အားကောင်းနေတဲ့ CDM သပိတ်ကြောင့် ဓာတ်ခွဲခန်းက ဝန်ထမ်းတွေ‌ရော၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ပို့စ်တင်ပေးမယ့်လူ၊ စာရိုက်ပေးမယ့်လူတောင် မရှိတော့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာတော့ ပြောရခက်ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ပြီး ရက်သတ္တ ၃ ပတ်ကျော်ကြာပြီးနောက်မှာ ပိုးတွေ့ရှိမှုနှှုန်း၊ ကူးစက်မှု နှုန်းဟာ ဘယ်အခြေအနေ ဖြစ်နိုင်သလဲ၊ ပိုများလာနိုင်သလား၊ လျော့နည်းပျောက်ကွယ်သွားနိုင်ပါသလား။

ပုံမှန်စဉ်းစားကြည့်ရင် အခုလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာတွေဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းကိုမြင့်မားစေနိုင်လိမ့်မယ်လို့ ယူဆစရာရှိတယ်။ ကျွန်တော်တို့ဟာ လောလောဆယ်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး ရာနှုန်းပြည့်မသိကြသေးဘူး။ ဒါကြောင့် ကမ္ဘာပေါ်မှာ ဖြစ်ခဲ့ဖူးတဲ့ ဥပမာတွေကိုပဲ သုံးပြီး ဆွေးနွေးလို့ရမယ်။ ယူအက်စ်မှာ ၂၀၂၀ မေလပိုင်းလောက်က လူမည်း အမျိုးသားကြီး ဂျော့ဖလွှိုက်ကို ရဲတွေက သတ်လိုက်လို့ လူတွေ အများကြီး လမ်းပေါ်ထွက်ပြီး ဆန္ဒတွေပြခဲ့ကြတယ်။ အဲဒီတုန်းက အများထင်တာတော့ ဒါပြီးရင် ကိုဗစ်ရောဂါပိုးတွေ ပြန့်တော့မယ်ပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်ပြီး တစ်လကျော်ကြာတဲ့အခါ ဇူလိုင်လထဲမှာ စစ်တမ်းကောက်ကြည့်တဲ့အခါ ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ်ခဲ့တဲ့ မြို့ကြီးတွေနဲ့ အခြား ပုံမှန်မြို့တွေမှာ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းဟာ မကွာတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရသလဲဆိုပြီး ပညာရှင်တွေက ဆွေးနွေးတဲ့အခါ

  • ဆန္ဒပြသူတွေဟာ လမ်းပေါ်မှာ စုရုံးကြတာဖြစ်တယ်။ ကိုဗစ်က အလုံပိတ် အခန်းတွေမှာ လူစုမှသာပိုပြီး ကူးနိုင်တယ်။
  • နေရောင်နဲ့ အပူချိန်ဟာ ကိုဗစ်ပိုးပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေနိုင်တယ်လို့ ယုံကြည်ကြတယ်။
  • ဆန္ဒပြတာဟာ လူငယ်တွေများတယ်။ ဒီတော့ လူငယ်တွေဟာ ကူးစက်ခံရရင်တောင် ရောဂါ မပြင်းထန်တဲ့အတွက် အများစုဟာ ကိုဗစ်ပိုးတောင် အစစ်ခံဖို့ မလိုပဲ ဖြစ်သွားတတ်တယ်။
  • လမ်းပေါ်မှာ ဆန္ဒပြတဲ့အခါ ပုံမှန် ဆန္ဒပြတဲ့လူတွေ နေ့စဉ်ထွက်ကြပေမဲ့ ကျန်တဲ့ လူတွေကတော့ အိမ်ထဲမှာပဲ နေဖြစ်သွားတယ်။ စားသောက်ဆိုင်တွေ ရုံးတွေပိတ်သွားတဲ့အခါ အလုံပိတ်ထဲမှာ စု‌ဝေးမှုတောင် ပိုနည်းသွားနိုင်တယ်။
  • ဘယ်လောက်ပဲ ဆန္ဒပြသူများပါစေ သိန်းဂဏန်းလောက်ပဲ ရှိတယ်ပဲထားဦး မြန်မာနိုင်ငံရဲ့ လူဦးရေက သန်းငါးဆယ်ကျော်ရှိတဲ့အတွက် အချိုးအားဖြင့်တော့ အလွန်ပဲ နည်းပါသေးတယ်။ အမြင်အရသာ များနေပေမဲ့ လက်တွေ့ တွက်ကြည့်လိုက်ရင် ရာခိုင်နှုန်းဟာ သိပ်မရှိလောက်ဘူး။
  • ကိုဗစ်ဟာ ဖြစ်နိုင်ချေနဲ့လည်း ဆိုင်တယ်လို့ ပြောတယ်။ အင်္ဂလိပ်လို Chance. မြန်မာလိုဆိုရင်တော့ ကံလို့ပြောရမလား။
  • တချို့လူတွေဟာအိမ်ထဲမှာ နေပေမဲ့ ဘယ်သူနဲ့မှ မတွေ့ပေမဲ့ ကိုဗစ် ဖြစ်ချင်ဖြစ်သွားနိုင်သလို တချို့လူတွေကျတော့ ကူးစက်မှုမရှိတာ တွေ့ရတယ်။
  • နောက်ပြီး ဆန္ဒပြသူအများစုဟာ Mask တွေကို တပ်ထားကြတာတွေ့ရတယ်။ အချင်းချင်း ထိတွေ့ကိုင်တွယ်တာ မရှိကြဘူး။ အဲဒီလိုဆိုရင်လည်း ပိုးဟာ သိပ်ကူးစက်မှု မရှိနိုင်ဘူးလို့ဆိုတယ်။

ဒါကြောင့် ပုံမှန် Common Sense နဲ့ စဉ်းစားရင် နောက်တစ်လလောက်ကြာရင် ပိုများလာနိုင်တယ် ဆိုပေမဲ့ တကယ်ဖြစ်ခဲ့တဲ့ ဥပမာအရတော့ သိပ်မဆိုင်ဘူးလို့ ပြောကြပါတယ်။

ဆေးတက္ကသိုလ် ၂ ပါမောက္ခချုပ် ဒေါက်တာ ဦးဇော်ဝေစိုးပြောကြားချက်အရ ဆန္ဒပြနေတဲ့ လူထုထဲမှာ ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်တမျိုး ရှိနေနိုင်တယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။

ဆရာကြီး ဦး‌ဇော်‌ဝေစိုးက Herd Immunity ကို ပြောလိုရင်းဖြစ်တယ်။ ဆရာကြီးက ရှိနေနိုင်တယ်လို့ ပြောသွားတာ မှန်ပါတယ်။ ဒါပေမဲ့ လူဘယ်နှယောက်မှာ ခုခံအားရှိသလဲ ဆိုတာ အတိအကျ မစစ်နိုင်တဲ့အတွက် ရှိ မရှိဆိုတာကတော့ ပြောလို့မရဘူး။ ကိုဗစ်ဖြစ်ပြီးတဲ့ လူတစ်ယောက်မှာ ‌ခြောက်လလောက် ကြာသွားရင်တော့ နောက်တစ်ခါ ပြန်ကူးခံရနိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြတယ်။

သက်ကြီးပိုင်းတွေမှာကော ခံနိုင်ရည်ရှိမှုက အရင်အတိုင်းပဲ ဖြစ်နိုင်ပါသလား။ ခုခံစွမ်းအား မြင့်တက်လာနိုင်ပါသလား။

သက်ကြီးပိုင်းတွေမှာတော့ ကာကွယ်ဆေးထိုးထားရင် ခုခံအားက တက်သွားပါတယ်။ ပုံမှန်ဆိုရင်တော့ ခုနက ပြောသလို ရောဂါဖြစ်ပြီး ခြောက်လလောက်မှာ သဘာဝခုခံအားက ပြန်ကျသွားနိုင်တယ်။မြန်မာပြည်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးခဲ့တဲ့အချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ အရပ်ဘက်ဝန်ထမ်းတချို့အနေနဲ့ ဒုတိယအကြိမ် ထိုးနှံဖို့ ပျက်ကွက်ခဲ့တာမျိုး ကြုံရင် အဲဒီအတွက် သက်ရောက်မှုတွေက ဘာဖြစ်မလဲ။ ကာကွယ်ဆေးရဲ့ အာနိသင် ရှိနိုင်ပါဦးမလား။ ဒုတိယအကြိမ် မပျက်စေပဲ ထိုးနိုင်မယ့် ကာလအကြောင်း နည်းနည်းရှင်းပြပေးပါ။

နိုင်ငံတကာ သုတေသနတွေမှာ လုပ်ထားတဲ့ ၉၅ % ကာကွယ်နိုင်တယ်တို့ ဘာတို့ဆိုတာ ဆေးနှစ်ကြိမ်ထိုးပြီးတဲ့လူတွေအတွက်ပါ။ ဒါပေမဲ့ ဆေးတစ်ကြိမ်ထိုးပြီးရင်လည်း အထိုက်အလျောက်တော့ ကာကွယ်နိုင်တယ်။ ၉၅ % လောက် မမြင့်ပေမဲ့ အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အာနိသင် အပြည့်အဝကို လိုချင်ရင်တော့ ဒုတိယဆေးကို ထိုးမှဖြစ်မယ်။ ဒါပေမဲ့ ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ မပြောနဲ့ ပြည်သူတွေရဲ့ အသက်ကို ရန်ရှာနေတဲ့ လူတစ်သိုက်ရဲ့ လက်အောက်မှာဆိုရင်တော့ ဘာမှ မျှော်လင့်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်အစိုးရ အားကြိုးမာန်တက် စပေးသွားတဲ့ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်ကြီးဟာ ဒီအတိုင်းဆို သဲထဲရေသွန်ဖြစ်သွားတော့မှာပါပဲ။


ဆန္ဒပြပွဲတွေ ဖြစ်နေပေမယ့် လူအားလုံးလိုလို Mask တွေ တပ်ထားတာတွေ့ရတယ်။ ဒီအချက်ကေ ကိုဗစ်ကို ထိန်းချုပ်နိုင်တဲ့ အဓိကအချက် ဖြစ်နေနိုင်သလား။

မြန်မာပြည်မှာ ဆန္ဒပြတဲ့ တော်လှန်ရေး တပ်သားတွေဟာ Mask တွေ တပ်တာ တွေ့ရတယ်။ ခုနက ပြောသလိုပဲ အပြင်မှာလည်း ဖြစ်တယ်။ Mask တွေလည်း တပ်မယ်။ အချင်းချင်းလည်း ခပ်ခွာခွာနေကြမယ်ဆိုရင် ရောဂါပိုးကို အချင်းချင်းလည်း ကာကွယ်နိုင်ကြပါလိမ့်မယ်။

တခြား အကြံပြုချက်၊ ထင်မြင် ယူဆချက်ရှိရင် ဖြည့်စွက်ပြောပေးပါ။

ဆန္ဒပြကြတဲ့ လူငယ်တွေအတွက် ကိုဗစ်ဘေးရန်အပြင် အခြားသော ဘေးရန်တွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ အကြံပေးလိုပါတယ်။ CDM အမြန်ဆုံး အောင်မြင်ပါစေ။ ငြိမ်းချမ်းစွာ ဘေးကင်းစွာနဲ့ ဒီမိုကရေစီပန်းတိုင်ကြီးကို အရောက်လှမ်းနိုင်ကြပါစေ။

ဒေါက်တာချမ်းသာစိုး

MBBS, MRCEM UK, NHS Doctor, Cardiff, Wales, UK

ဒေါက်တာချမ်းသာစိုးဟာ ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ MBBS ဘွဲ့၊ လန်ဒန် တော်ဝင်ကောလိပ် အရေးပေါ်ဆေးပညာမှ MRCEM ဘွဲ့များကို ရရှိထားသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယူကေနိုင်ငံ ‌ဝေလပြည်နယ်တွင် အရေးပေါ်ဆရာဝန်အဖြစ် လုပ်ကိုင်ရင်း 'ကိုချမ်း' ကလောင်အမည်ဖြင့် ရသစာပေ၊ ကျန်းမာရေးပညာပေးစာပေများကို လုံးချင်းအဖြစ် ထုတ်ဝေရေးသားခဲ့ရုံမက အွန်လိုင်းပေါ်မှာလည်း ပညာပေးဆောင်းပါးများရေးသားနေသူ ဖြစ်ပါတယ်။

စာရေးဆရာ သတင်းစာဆရာကြီး မောင်ဝံသနှင့် အတွေးအမြင်မဂ္ဂဇင်းစီစဉ်သူ ဒေါ်မြင့်မြင့်တို့ရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။

Show Full Article
Next Story