BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • မျောက်ကျောက်ရောဂါ လို၊ တို၊ ရှင်း...
Top Block

မျောက်ကျောက်ရောဂါ လို၊ တို၊ ရှင်း အမေးအဖြေ

ပြည်တွင်းမှာ စိုးရိမ်မှုမြင့်နေတဲ့ မျောက်ကျောက်ရောဂါပြသနာနဲ့ပတ်သက်လို့ သိထားဖို့လိုတဲ့အခြေခံကျတဲ့အချက်အလက်တွေအပြင် စိုးရိမ်မှုလွန်ကဲပြီး ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှား၊ အချက်အလက်မှားတွေကို လေ့လာဆင်ခြင်ဖို့ လန်ဒန် တော်ဝင်ကောလိပ် အရေးပေါ်ဆေးပညာမှ MRCEM ဘွဲ့ရထားသူ၊ ယူကေနိုင်ငံရောက် မြန်မာဆရာဝန် ဒေါက်တာချမ်းသာစိုးကိုဆက်သွယ်မေးမြန်းထားသည်များထဲက အချို့ကိုထုတ်နှုတ်တင်ဆက်လိုက်ပါတယ်။

By - Boom Live Myanmar |
Published -  29 May 2022 8:13 PM IST
  • မျောက်ကျောက်ရောဂါ လို၊ တို၊ ရှင်း အမေးအဖြေ

    မျောက်ကျောက်ရောဂါ ဘယ်ကစလဲ၊ ဘယ်လိုစခဲ့လဲ။

    မျောက်ကျောက်ရောဂါကို ဓာတ်ခွဲခန်းမှာ စမ်းသပ်တဲ့ မျောက်တွေမှာ ၁၉၅၈ ခုနှစ်ကတည်းက စတွေ့ခဲ့ပါတယ်။ ဒါကြောင့် မျောက်ကျောက်ရောဂါဟာ အသစ်အဆန်း မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုကြတယ်။ အချို့ရဲ့ အဆိုအရ မျောက်ကျောက်ရောဂါဟာ ဒီကမ္ဘာပေါ်မှာ နှစ်ထောင်ပေါင်းများစွာကတည်းက ရှိနိုင်ခဲ့တယ်ဆိုတယ်။ ဖြစ်နိုင်တာက အစောပိုင်းမှာ မျောက်ကျောက်ရောဂါကို ကျောက်ကြီးရောဂါ (small pox) နဲ့ ရောခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။

    လူတွေမှာ မျောက်ကျောက်ရောဂါစတွေ့တာကတော့ ၁၉၇၀ မှာ ဖြစ်ပါတယ်။ ဒါက အာဖရိကမှာ တွေ့ခဲ့တာပါ။ အဲဒီအချိန်ကစပြီး နိုင်ဂျီးရီးယား၊ ကွန်ဂိုစတဲ့ အာဖရိကနိုင်ငံတွေမှာ မျောက်ကျောက်ရောဂါဟာ ဟိုတကွက် ဒီတကွက်ရှိနေခဲ့ပေမဲ့ ထုံးစံအတိုင်း အာဖရိကမှာ ရောဂါရှာဖွေမှုတွေက သိပ်မတွင်ကျယ်တဲ့အတွက် ဘယ်နှစ်ယောက်ဖြစ်လို့ ဘယ်နှယောက်သေခဲ့သလဲဆိုတာ မသိခဲ့ကြပါဘူး။

    ဒီလိုနဲ့ ၂၀၀၃ ခုနှစ်မှာ ယူအက်စ်မှာ လူ ၄၇ ယောက်မှာ မျောက်ကျောက်ရောဂါတွေ့ခဲ့တယ်။ ဒီလူနာတွေဟာ ဂါနာနိုင်ငံကနေ တင်သွင်းခဲ့တဲ့ ကြွက်မျိုးနွယ် အိမ်မွေးတိရစ္ဆာန်တွေကနေ ကူးခဲ့တယ်လို့ ဆိုတယ်။ လူအချင်းချင်း ကူးစက်မှုမရှိခဲ့ဘဲ ၄၇ ခုနစ်ယောက်လုံး တစ်ယောက်မှ မသေခဲ့ပါဘူး။

    လက်ရှိရောဂါပျံ့နှံ့တဲ့အခြေနေဘယ်လိုရှိလဲ။

    လောလောဆယ် လူတွေကြားမှာ မျောက်ကျောက်ရောဂါအကြောင်း အပြောများလာတာကတော့ အခု ဒီလထဲ ဥရောပမှာ လူ ၁၀၀ လောက်နီးပါး မျောက်ကျောက်ရောဂါ စတွေ့ခဲ့လို့ပါပဲ။ စုစုပေါင်း ၁၂ နိုင်ငံလောက်ရှိပါမယ်။ ယူအက်စ်၊ ယူကေ၊ ဥရောပနဲ့ သြစတြေးလျစတဲ့ နိုင်ငံကြီးတွေမှာပါ။ ရောဂါပျံ့နှုန်းကတော့ အခု နောက်ဆုံး မေလ ၂၇ ယူကေနိုင်ငံမှာ ထပ်တိုးအသစ်တွေ့တာ ၁၆ ယောက်ရှိပါတယ်။

    ရိုးရိုးကျောက်ရောဂါနဲ့ မျောက်ကျောက်ရောဂါ ဘာတွေကွာသလဲ။

    ကျောက်ကြီးရောဂါဟာ ၁၉၈၀ ကတည်းက ကမ္ဘာမြေပေါ်ကနေ အမြစ်ပြတ်သွားပါပြီ။ ကမ္ဘာပေါ်က လူသားရောဂါပိုးတွေထဲမှာ အမြစ်ပြတ် ကြေညာနိုင်တာ ဒီကျောက်ကြီးရောဂါပဲ ရှိပါတယ်။ ကျောက်ကြီးရောဂါက မျောက်ကျောက်ထက်ပိုကူးလွယ်ပြီး ပိုသေနိုင်ပါတယ်။ နှစ်မျိုးစလုံးကတော့ ဒီအင်အေ ဗိုင်းရပ်စ်ပိုးတွေပါပဲ။ အာဖရိကမှာ လုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ မျောက်ကျောက်ရောဂါဟာ သေပျောက်နှုန်း ၃.၆ ရာနှုန်းရှိတယ်ဆိုပါတယ်။ ဒါပေမဲ့ ကလေးသူငယ်တွေ၊ ခုခံအားကျ ရောဂါရှိသူတွေမှာတော့ သေနှုန်းပိုမြင့်နိုင်တယ်။ ကျောက်ကြီးရောဂါကတော့ သေပျောက်နှုန်း ၃၀ ရာနှုန်းအထိရှိခဲ့ပါတယ်။

    မျောက်ကျောက်ရောဂါက ဘယ်လိုလူတွေမှာအဖြစ်များလဲ။ ဘယ်အသက်အရွယ်အပိုင်းအခြားတွေမှာပိုဖြစ်လဲ။

    အရင်ဖြစ်ဖူးတာတွေ ကြည့်ခြင်းအားဖြင့် ဒီရောဂါဟာ ရောဂါရှိတဲ့ မျောက်တွေ၊ ကြွက်လို အကောင်တွေနဲ့ ထိတွေ့တဲ့ လူတွေမှာ ပိုဖြစ်တယ်။ အခုနောက်ဆုံးပေါ် တွေ့ရှိချက်အရ ယောကျ်ားချင်း လိင်တူဆက်ဆံသူတွေမှာ ပိုတွေ့နေတယ်။ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားမကောင်းသူတွေမှာတော့ သေပျောက်နှုန်းပိုများတာကို တွေ့ရပါတယ်။

    ဘယ်လိုကူးစက်တတ်သလဲ။

    မျောက်ကျောက်ရောဂါဟာ ကိုဗစ်ပိုးလို အကူးမလွယ်ပါဘူး။ မျောက်ကျောက်ဟာ လေထုထဲကနေမပြန့်ဘူး။ သူ့ဗိုင်းရပ်စ်ဟာ ပိုကြီးပြီး ပိုလေးလံတဲ့အတွက် ချောင်းဆိုးရင် အ‌ေ၀းကြီး မပျံ့ဘူး။ တိုက်ရိုက်ထိတွေ့မှုက ကူးတယ်လို့ဆိုတယ်။ ဒါပေမဲ့ မျက်နှာတည့်တည့်ကို ချောင်းအဆိုးခံရရင်တော့ ကူးနိုင်သေးတယ်။ ရောဂါရှိသူရဲ့ အဖုအပိန့်တွေကို တိုက်ရိုက်ထိမိရင်၊ လူနာရဲ့ကိုယ်က အရည်တွေနဲ့ ထိမိရင် ကူးနိုင်တယ်။ ဥပမာ ပေးတာကတော့ ကိုဗစ်ရှိတဲ့လူဘေးမှာ သွားနေရင် ငါးမိနစ် ဆယ်မိနစ်လောက်နဲ့ ရောဂါရသွားနိုင်ပေမဲ့ မျောက်‌‌ကျောက်ရောဂါသည်နဲ့ဆို ၃ နာရီလောက်နေမှ ကူးနိုင်မယ်လို့ဆိုတယ်။

    အခုပြန့်နေတဲ့ မျောက်ကျောက်ပိုးဟာ ယောကျ်ားချင်းလိင်တူဆက်ဆံသူတွေမှာ ပိုအတွေ့များတယ်လို့ဆိုတဲ့အတွက် အရင်က ထည့်မတွက်ခဲ့သော်လည်း ယခုအခါ မျောက်ကျောက်ဗိုင်းရပ်စ်ဟာ လိင်မှတဆင့်လည်း ကူးစက်နိုင်တယ်လို့ ယူဆနေကြတယ်။ ဒါမှမဟုတ်လည်း လိင်ဆက်ဆံတဲ့အခါ ပူးပူးကပ်ကပ် အချိန်ကြာလို့လည်း ဖြစ်နိုင်သေးတာပါပဲ။

    ဘယ်လိုကာကွယ်ရမလဲ။

    ခုချိန်မှာ အရေးကြီးတာကတော့ မျောက်ကျောက်လို့ထင်ရင် အဲဒီလူကို ကိုဗစ်တုန်းကလိုပဲ သပ်သပ်ခွဲနေခိုင်းတာကောင်းပါတယ်။ သေချာအောင် သွေးစစ်ကြည့်၊ အရည်ကြည်ဖုတွေကို တို့ဖတ်ယူစစ်ကြည့်လို့တော့ရတယ်။ မြန်မာပြည်မှာတော့ ရနိုင်မယ် မထင်သေးဘူး။ ယူကေမှာတော့ အဲလို စစ်ကြည့်လို့ရတယ်။ PCR test ပါပဲ။ မျောက်ကျောက် ဒီအင်အေ ရှိမရှိကြည့်တာ။

    မစစ်နိုင်ရင်တော့ သံသယရှိရင် ရောဂါသက်သာသွားတဲ့အထိ ခွဲနေခိုင်း။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံ အားမကောင်းသူတွေနဲ့ မထိတွေ့စေနဲ့။

    အရင်တုန်းက သုံးခဲ့တဲ့ ကျောက်ကြီးကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို ၈၅ ရာနှုန်း ကာကွယ်ပေးနိုင်တယ်လို့ဆိုတယ်။ ဒါပေမဲ့ ၁၉၇၀ နောက်ပိုင်းလောက်ကတည်းက အဲဒီကာကွယ်ဆေးကို မထိုးခဲ့တော့ အခုခေတ်လူတွေမှာ အဲဒီ ကိုယ်ခံအားမရှိနိုင်ဘူး။ ယူအက်စ်တို့ ယူကေတို့ကတော့ လိုအပ်ရင် ကျောက်ကြီးကာကွယ်ဆေး ထိုးပေးမယ်လို့ပြောတယ်။ စီဒီစီ ၀က်ဆိုက်မှာ ယူအက်စ်က ရေးထားတာတော့ လိုအပ်ရင် အမေရိကန်နိုင်ငံသားတိုင်းကို ကာကွယ်ဆေးထိုးပေးနိုင်တယ်တဲ့။လောလောဆယ်တော့ ကျန်းမာရေးလုပ်သားတွေအနေနဲ့ မျောက်ကျောက် သံသယလူနာတွေကို ကြည့်တဲ့အခါ PPE အပြည့်အစုံ၀တ်ရပါမယ်။

    ဘယ်လောက်အန္တရာယ်ကြီးလဲ။

    အဖြစ်များတဲ့လက္ခဏာတွေက အရည်ကြည်ဖုတွေ ပေါ်မယ်။ ခေါင်းကိုက်မယ်။ အဖျားရှိမယ်။ ကိုယ်လက်ကိုက်ခဲမယ်။ အကျိတ်တွေ ပေါ်မယ်။အရည်ကြည်ဖုတွေဟာ ရေကျောက် Chicken pox နဲ့ ဆင်တယ်။ ဒါကြောင့် ရေကျောက်ပေါက်တဲ့ ကလေးတွေကို မျောက်ကျောက်ထင်ပြီး မိဘတွေ အစိုးရိမ်လွန်ကြနိုင်ပါတယ်။

    ရေကျောက်နဲ့မတူတာကတော့ မျောက်ကျောက်ဟာ လက်ဖ၀ါး ခြေဖ၀ါးတွေမှာပါ အဖုတွေ အပိန့်တွေ ပေါက်တတ်တာပဲ။ ရေကျောက်မှာ အဖုတွေက အသစ် အသစ်တွေ ထပ်ထွက်တာကြောင့် တချို့အဖုတွေက ပေါက်သွားပြီး တချို့က အရည်ကြည်ကျန်သေးတာမျိုးရှိတယ်။ မျောက်ကျောက်ကတော့ တချိန်ထဲမှာ တပြိုင်တည်း အရည်ကြည်ဖုပေါက်၊ အနာဖေးကွာတဲ့ သဘောရှိတယ်။ ရေကျောက်နဲ့တော့ တော်တော် ခွဲရခက်ပါတယ်။

    သေပျောက်နှုန်း ၃.၆ ရာနှုန်းဆိုပေမဲ့ ဒါဟာ အာဖရိကမှာ ဖြစ်ခဲ့တဲ့ အခြေအနေပါ။ ကျန်းမာရေး စောင့်ရှောက်မှု မကောင်းလို့ လို့ ဆိုကြတယ်။ ၂၀၀၃ ယူအက်စ်မှာ ဖြစ်ခဲ့တုန်းကတော့ တစ်ယောက်မှ မသေခဲ့ဘူး။ ဒါကြောင့် သေနှုန်း ဘယ်လောက်ရှိလဲ သေချာချင်ရင်တော့ အချိန်တစ်ခု စောင့်ကြည့်ရမှာပါပဲ။

    အဖျားကြီးရင် ရေဓာတ်ခန်းခြောက်ရင် ဆေလိုင်းချိတ်ပေးတာ၊ စောင့်ကြည့်ပြီး လိုအပ်တာကုပေးတာလောက်ပဲ လုပ်ကြတယ်။ အဖုတွေကနေ ဘက်တီးရီးယားပိုး၀င်ရင် ပဋိဇီ၀ဆေးပေးတာမျိုးတွေလည်း လုပ်နိုင်တယ်။ လိုတာလေးတွေ စောင့်ကြည့်ပြီး ကုပေးတဲ့နည်းပဲ လောလောဆယ်ရှိတယ်။

    အရင် ကျောက်ကြီးရောဂါကုဆေးတစ်မျိုးနဲ့ကုနိုင်တယ်ပြောပေမဲ့ လောလောဆယ်တော့ ဘယ်သူမှ အဲလိုဆေးတွေနဲ့ ကုနေတာ မရှိသေးဘူး။

    ရေမြေအနေထား လူနေမှုပုံစံပေါ်မူတည်ပြီး မြန်မာနိုင်ငံအတွက်ဆို ဘယ်လောက်စိုးရိမ်စရာရှိလဲ။

    မြန်မာနိုင်ငံအနေနဲ့တော့ တခြားနိုင်ငံတွေနဲ့ သိပ်တော့ မကွာနိုင်ပါဘူး။ အခက်အခဲတွေကတော့ ရောဂါစစ်ဆေးမှုပဲ ဖြစ်လိမ့်မယ်။ နောက်ပြီး အကြောက်လွန်ကြတာမျိုးတွေ ဖြစ်နိုင်တယ်။

    ကံကောင်းတာကတော့ မျောက်ကျောက်ရောဂါဟာ ကိုဗစ်လို ကူးစက်မမြန်တဲ့အတွက် ကိုဗစ်တုန်းကလောက် အသေအပျောက် မရှိနိုင်ပါဘူး။ ဒါပေမဲ့ ပြောဖို့ကတော့စောသေးတယ်။


    ဒေါက်တာချမ်းသာစိုးဟာ ရန်ကုန် ဆေးတက္ကသိုလ် ၁ မှ MBBS ဘွဲ့၊ လန်ဒန် တော်ဝင်ကောလိပ် အရေးပေါ်ဆေးပညာမှ MRCEM ဘွဲ့များကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူကေနိုင်ငံ ‌လန်ဒန်မြို့တွင် အရေးပေါ်ဆရာဝန်အဖြစ် လုပ်ကိုင်ရင်း 'ကိုချမ်း' ကလောင်အမည်ဖြင့် ရသစာပေ၊ ကျန်းမာရေးပညာပေးစာပေများကို လုံးချင်းအဖြစ် ထုတ်ဝေရေးသားခဲ့ရုံမက အွန်လိုင်းပေါ်မှာလည်း ပညာပေးဆောင်းပါးများရေးသားနေသူ ဖြစ်ပါတယ်။


    Tags

    မျောက်ကျောက်ကျောက်ရောဂါသတင်းအတု
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!