မင်းသမီး သက်မွန်မြင့် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းအမှား
သရုပ်ဆောင် မင်းသမီး သက်မွန်မြင့် ရောဂါနဲ့ ကွယ်လွန်သွားပြီဆိုပြီး အွန်လိုင်ပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sou Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သရုပ်ဆောင် သက်မွန်မြင့်ရဲ့ နာရေးသတင်းကို ညှိုးငယ်သောစိတ်ထားနဲ့ ဖိတ်ကြားအပ်ပါသည်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် သက်မွန်မြင့် ကွယ်လွန်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ သရုပ်ဆောင် သက်မွန်မြင့်ရဲ့ ဓာတ်ပုံတွေကို AI နဲ့ ပြုပြင်ဖန်တီးထားပြီး ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
လက်ရှိမှာ အကယ်ဒမီ သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားတဲ့ 'အလျှံပယ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဧပြီလ ၂၅ ရက်နေ့က စတင်ကာ ရုပ်တင်ပြသနေတာဖြစ်ပြီး စစ်တပ်လော်ဘီတွေက ဒီဇာတ်ကားကို သွားရောက်ကြည့်ရှု့ခြင်းမပြုပဲ သပိတ်မှောက်ကြဖိုပ လှုံ့ဆော်နေပါတယ်။
စစ်လော်ဘီတွေက လူမှုမီဒီယာတွေပေါ်မှာ မင်းသမီး သက်မွန်မြင့်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရုပ်ရှင်ကို သပိတ်မှောက်ဖို့လည်း လှုံ့ဆော်မှုတွေရှိနေပါတယ်။
မင်းသမီး သက်မွန်မြင့် ကွယ်လွန်သွားတယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်ပြီး ဧပြီ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွေအထိ သူမရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ပိုစ့်တွေ ဖြန့်ဝေနေတာ တွေ့ရပါတယ်။
မင်းသမီး သက်မွန်မြင့်ရဲ့ ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



