BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန်စက်ရုံတွေ...
သတင်းအတု

အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားပြောင်းပြီ ဆိုတဲ့ သတင်း ဘာတွေမှားနေသလဲ

“အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားပြောင်းပြီ။ ကုန်သွယ်ရေးစစ်ပွဲဂယက် တရုတ်ပြည်ရှိ အမေရိကန်စက်ရုံများကို အင်ဒိုးနီးရှားသို့ ပြောင်းမည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာလ အင်ဒိုနီးရှားရလိုက်သော ဆုလာဘ်ကြီးတစ်ခု” စတဲ့ စာသားတွေပါဝင်တဲ့ ရေးသားဖြန့်ဝေနေမှုတွေဟာ ရက်ပိုင်းအတွင်း အိမ်နီးခြင်းနိုင်ငံတွေရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အများအပြားဖြန့်ဝေနေသလို မြန်မာနိုင်ငံက လူသိထင်ရှားတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်း ကိုယ်တိုင် သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေလာတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  26 May 2020 2:21 PM IST
  • အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားပြောင်းပြီ ဆိုတဲ့ သတင်း ဘာတွေမှားနေသလဲ

    မေလ ၁၈ ရက်နေ့က ဖြန့်ဝေခဲ့တဲ့ ဒေါက်တာရန်မျိုးသိန်းရဲ့ ဖေ့စ်ဘွတ်ပို့စ်ပါ အရေးအသားများနဲ့ ထပ်ဆင့်ဖြန့်ဝေသူ အချို့ရဲ့ ရေးသားမှုများကိုကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် The Policy Time သတင်းဌာနမှာ မေလ ၁၆ ရက်နေ့က ဖော်ပြခဲ့တဲ့ "Indonesia to Hack the Crown in the US-China Trade War" ဆိုတဲ့ သတင်းကို အခြေခံရေးသားခဲ့တယ်လို့ ယူဆရပါတယ်။ ဒေါက်တာရန်မျိုးသိန်းရဲ့ မူရင်းပိုစ့်ကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ှရှု့နိုင်ပါတယ်။ ထပ်ဆင့်ဖြန့်ဝေသူ တချို့က ဒေါက်တာရန်မျိုးသိန်းကို Credit ပေးထားသည်ကို အောက်ဖော်ပြပါပုံမှာ ကြည့်နိုင်ပါတယ်။


    အထက်ပါပုံရဲ့ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို အင်ဒိုနီးရှားနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအတော်များများက ဆိုရှယ်မီဒီယာသုံးစွဲသူတွေက ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ WhatsApp များမှတဆင့်ဖြန့်ဝေနေတာ တွေရပါတယ်။ Indonesia Skyline ဆိုတဲ့ဖေ့စ်ဘွတ်ပေ့ချ်ရဲ့ မေလ ၁၄ ရက်နေ့က ဖြန့်ဝေမှုကို ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းကျော်ရှိခဲ့တာကို အောက်ဖော်ပြပါ ပုံမှာကြည့်ရှု့နိုင်ပါတယ်။ မူရင်းဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။


    တကယ်တော့ ဒီသတင်းက ဘာသက်သေအထောက်အထားမှ ထည့်မထားပဲ လိုရာဆွဲရေးထားတဲ့ သတင်းအတု တစ်ခုသာဖြစ်ပါတယ်။ ဒီသတင်းကို The Policy Time သတင်းဌာနက ဖော်ပြခဲ့ရာမှာ "တဘက်မှာ တကမ္ဘာလုံးအတွက် ကိုရိုနာဗိုင်းရပ်စ်ဟာ အိပ်မက်ဆိုးတစ်ခုလိုဖြစ်နေချိန်မှာ အခြားတဘက်မှာ အင်ဒိုနီးရှားနိုင်ငံအတွက်တော့ ကံကောင်းသလိုဖြစ်နေကြောင်း၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်မှုစစ်ပွဲက ခုမှဖြစ်နေတာမဟုတ်ပဲ ထရန့်အစိုးရက ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တရုတ်မှာရှိတဲ့ အမေရိကန်စက်မှုလုပ်ငန်းတွေကို လျှော့ချဘို့ လုပ်နေခဲ့တာဖြစ်ကြောင်း၊ ထရမ့်က ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Luhut Binsar Pandjaitan အား လာရောက်တွေ့ဆုံပြီးနောက် အမေရိကန်စက်ရုံ ၂၇ ခုကို တရုတ်မှ အင်ဒိုနီးရှားကိုပြောင်းရွှေ့ဘို့ ဆုံးဖြတ်ခဲ့ပြီး နောက်ထပ်စက်ရုံတွေကိုလည်း ထပ်မံပြောင်းရွှေ့ဘို့လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ကြောင်း၊ မြေနေရာ ဟတ်တာ ၄၀၀၀ ဝန်ကျင်ခန့်ရှိတဲ့ စင်ထရယ်ဂျာဗာ ရှိ Brebes စက်မှုဥယျာဉ်သည် အမေရိကန် စက်မှုလုပ်ငန်းများ ပြောင်းရွှေ့မည့် နေရာဖြစ်ကြောင်း" ရေးသားထားပါတယ်။

    ဒေါက်တာ ရန်မျိုးသိန်း ဘယ်လိုရေးသားဖြန့်ဝေခဲ့သလဲ

    စာပိုဒ်လေးပိုဒ်ပါဝင်တဲ့ သူ့ရဲ့ရေးသားဖြန့်ဝေမှုမှာ The Policy Time မှာပါတဲ့ အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားပြောင်းတဲ့ အကြောင်းကို စတင်ရေးသားကာ အောက်ဆုံးနှစ်ပိုဒ်မှာတော့ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး လက်ရှိအစိုးရအပေါ် မေးခွန်းထုတ်ထားတာကို တွေ့ရပါတယ်။

    "ကျနော်တို့ နိုင်ငံကရော၊ ကျနော်တို့ အစိုးရကရော၊ အစိုးရရဲ့စီးပွားရေးအကြံပေးပုဂ္ဂိုလ်ကြီးတွေကရော ဒီလို ကိုဗစ်ကပ်ဆိုးကြီးထဲမှာ ပေါ်လာနေတဲ့ ဒေသတွင်း အခွင့်အလမ်းကြီးနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်ပုံ အမိအရ ဖမ်းဆုပ်ဖို့ ပြင်ဆင်နေပါသလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ ပွဲကြည့်ပရိသတ်အဖြစ်ပဲ အပြောင်းအရွေ့ကာလပြီးတဲ့အထိ ဒီအတိုင်း ထိုင်ကြည့်နေမလားဆိုတာလည်း မေးခွန်းထုတ်ချင်မိပါတယ်။

    ဒါမှမဟုတ် မလုပ်၊ မရှုပ်၊ မပြုတ်ထုံးကို နှလုံးမူရင်း အခွင့်အလမ်းတွေကို မသိကျိုးကျွံပြုရင်း ဒီအခြေအနေကြီးထဲမှာ အိပ်မောကျနေသလား ဆိုတာမေးစရာဖြစ်လာပါတယ်။ အိပ်မောကျနေရင်လည်း မြန်မြန်ထကြည့်ဖို့နှိုးဆော်လိုပါတယ်။ ကျနော်တို့ရဲ့အိမ်နီးချင်းတွေ ကိုဗစ်ကပ်ရောဂါဆိုက်နေဆဲကာလမှာ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုတွေနဲ့ဆက်စပ်လို့ အလုပ်တွေရှုပ်နေကြတယ်၊ မအားမလပ်အောင်အလုပ်လုပ်နေကြတယ်ဆိုတာကိုသိဖို့ ပြတင်းတံခါးပေါက်တွေ ကိုဖွင့်ကြည့်လိုက်ကြပါဦးလို့ တိုက်တွန်းလိုပါတယ်။"

    သတင်းဆန်းစစ်ချက်

    ပထမဆုံးအနေနဲ့ The Policy Time တွင် ဖော်ပြခဲ့တဲ့ သတင်းပါ ဓါတ်ပုံမှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မှာကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တို့ တွေ့ဆုံမှုမှ ပုံကို ရယူသုံးစွဲထားခြင်းဖြစ်ပါတယ်။ အောက်ပါပုံ တွေကို ယှဉ်ကြည့်ပါ။


    ပထမပုံမှာ The Policy Time မှာဖော်ပြထားတဲ့ ပုံဖြစ်ပြီး ဒုတိယပုံမှာ G-20 ထိပ်သီးအစည်းအဝေးပွဲပုံများထဲမှ တစ်ပုံဖြစ်ပါတယ်။ အနီရောင်မြှားနဲ့ ပြသထားပါတယ်။

    ဒုတိယအချက်အနေနဲ့ "မြေနေရာ ဟတ်တာ ၄၀၀၀ ဝန်ကျင်ခန့်ရှိတဲ့ စင်ထရယ်ဂျာဗာ ရှိ Brebes စက်မှုဥယျာဉ်သည် အမေရိကန် စက်မှုလုပ်ငန်းများ ပြောင်းရွှေ့မည့် နေရာဖြစ်တယ်" ဆိုတဲ့အချက်ကို စစ်ဆေးရာမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ The Jarkata Post သတင်းဌာနက မေလ ၁၉ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းမှာ Brebes အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းရေးဆွဲရေးဌာနမှူး Edy Kusmartono ကိုယ်တိုင်က ဒေသခံအုပ်ချုပ်ရေးအနေနဲ့ ဒီဖြစ်နိုင်ချေရှိတဲ့ သတင်းတွေကို ကြားခဲ့ပေမယ့် ဗဟိုအစိုးရက တရားဝင်အသိပေးအကြောင်းကြားထားတာ မရှိသေးဘူးလို့ ဆိုထားပါတယ်။ အောက်ဖော်ပြပါ ပုံကိုကြည့်ပါ။


    မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    The Jarkata Post ရဲ့ အဆိုပါသတင်းအရ ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးပြုလုပ်ရန်ညွှန်းကိန်းများစရင်းမှာ အင်ဒိုနီးရှားနိုင်ငံက ၇၃ နေရာမှာရှိနေပြီး အိမ်နီးခြင်း မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ၁၂ နေရာနဲ့ ၂၁ နေရာတွေမှာ ရှိနေတဲ့အတွက်လည်း အမေရိကန်စက်မှုလုပ်ငန်းတွေ အင်ဒိုနီးရှားကို ပြောင်းမယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်လို့ ပြောလို့ရပါတယ်။

    တတိယအချက် အနေနဲ့ အာရှတလွှားက သတင်းတွေကို လေ့လာဆန်းစစ်လေ့ရှိတဲ့ Asia Sentinel ဆိုတဲ့ ဝဘ်ဆိုက်ကလည်း အခုပျံ့နှံ့နေတဲ့ အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားပြောင်းပြီဆိုတဲ့အကြောင်းကို သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။ သူတို့ရဲ့ရေးသားချက်အရလည်း ဒီသတင်းဟာ သတင်းတုသာဖြစ်ပြီး ပြောင်းရွှေ့မယ့် ကုမ္ပဏီ ၂၇ ခုဆိုတာလည်း ဘယ်ကုမ္ပဏီလို့ တိတိကျကျပြောထားခြင်း မရှိကြောင်းနဲ့ ဂျာကာတာမြို့အခြေစိုက် သတင်းရင်းမြစ်တခုကလည်း ဒီအကြောင်းဘယ်သူမှ ပြောထားခြင်းမရှိပါဘူးလို့ ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။


    နောက်ဆုံးအချက်အနေနဲ့ သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံမှထွက်ခွါဘို့ ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်းက အမိန့်ပေးခဲ့ပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး Ernst and Young ရဲ့ အာရှပစိဖစ်မိတ်ဖက်စီမံခန့်ခွဲမှုမန်နေဂျာ ပထရစ်ဝင်းတားက မေလ ၁၄ ရက်နေ့က ဖော်ပြခဲ့တဲ့ CNBC သတင်းဌာနရဲ့ သတင်းမှာပြောထားတာက "ကုန်ထုတ်လုပ်မှုလုပ်ငန်းအများအပြား တရုတ်နိုင်ငံကနေ တခြားကိုရွှေ့နေတာ မြင်နေရတယ်။ အရုပ်တွေနဲ့ ကင်မရာထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို မက်ဆီကိုနိုင်ငံ၊ ကွန်ပျူတာထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို ပြည်မကြီးကနေ ထိုင်ဝမ်၊ မော်တော်ယာဉ်ထုတ်တဲ့လုပ်ငန်းလို တခြားကုန်ုထုတ်လုပ်ငန်းတွေဆို ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယကို ပြောင်းနေကြတယ်" လို့ ပြောထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။


    အထက်ပါအချက်တွေအရ အင်ဒိုနီးရှားအနေနဲ့ အမေရိကန်ကုမ္ပဏီတွေ သူ့နိုင်ငံဆီဝင်ရောက်လာနိုင်ချေရှိတဲ့ အတွက် ကြိုတင်ပြင်ဆင်မှုလုပ်နေခြင်းသာ ဖြစ်ပြီး ဒါကခုထွက်ပေါ်နေတဲ့ သတင်းတွေထဲကလို အမရေိကန်လုပ်ငန်းတွေ အတိအကျ ဝင်ရောလာမယ်လို့ ဆိုလိုခြင်း မဟုတ်ကြောင်း စာဖတ်သူများ မှန်းဆနိုင်မှာ ဖြစ်ပါတယ်။

    Tags

    US-ChinatradewarFactCheckinvestmentUS-ChinaTradewarcoronavirus
    Read Full Article
    Claim :   အမေရိကန်စက်မှုလုပ်ငန်းတွေ တရုတ်နိုင်ငံမှ အင်ဒိုနီးရှားသို့ ပြောင်းမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအတုကို BOOM က ဆန်းစစ်ဖော်ပြထားတာဖြစ်ပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!