ဒီဗီဒီယိုဟာ ရန်ကုန်မှာ ဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်း ရုပ်သံဖိုင်မဟုတ်ပါ
AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို အသုံးပြုကာ ရန်ကုန် ဗိုလ်တထောင်မြို့နယ် စည်ပင်ဝင်းမှာ ဇူလိုင် ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခတ်မှု ရုပ်သံဖိုင်ဆိုပြီး ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

ဒီအကြောင်းအရာကို Thu Rain ဆိုတဲ့ ဖေစ့်ဘွတ်အကောင်မှာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'ရန်ကုန်မြို့နယ် တစ်ချို့ လေဆင်နှမောင်း ဝင်ရောက်မှု' လို့ ရေးသားထားပါတယ်။
လေဆင်နှာမောင်း အကြီးအကျယ် တိုက်ခတ်နေတဲ့ ပုံရိပ်တွေပါတဲ့ ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ 'အခု ရန်ကုန်မြို့နယ် တစ်ချို့မှာ ဒီဗီယက်နမ်နဲ့ တရုတ်ဘက်ကနေ လာတဲ့ အဖျားခတ်မှုပေါ့။ လေဆင်နှာမောင်းတွေ ဝင်နေပါတယ်။ ရန်ကုန်မြို့နယ် တစ်ချို့မှာပါ။ မနေ့တုန်းကဆိုရင် ဗိုလ်တစ်ထောင်မှာ တိုက်ခတ်သွားပါတယ်' လို့ ပြောဆိုနေတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဗီဒီယိုဖြစ်တာကို တွေ့ရပါတယ်။
ဒီရုပ်သံဖိုင်ကို Youtube၊ Tiktok နဲ့ အခြားဆိုရှယ်မီဒီယာတွေပေါ်မှာ ၂၀၂၃ ခုနှစ်ကတည်းက ဖြန့်ဝေနေတာပါ။
အထက်ပါ ပုံထဲမှာ ဝဲဘက်ဆုံးက ပုံမှာ လေဆင်နှာမောင်းက အမေရိကန်နိုင်ငံမှာ တိုက်ခတ်ခဲ့ပြီး၊ အလယ်ပုံမှာတော့ ထိုင်းနိုင်ငံမှာ တိုက်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လထဲမှာတော့ ဒီလေဆင်နှာမောင်း ရုပ်သံဖိုင်ကို ကနေဒါနိုင်ငံမှာ တိုက်ခတ်တယ်လို့ ဖြန့်ဝေနေပါတယ်။
အောက်ပါပုံကတော့ ဒီရုပ်သံဖိုင်ကို ၂၀၂၃ ခုနှစ် အတွင်းက Youtube ပေါ်မှာ ဖြန့်ဝေခဲ့တဲ့ ပုံဖြစ်ပါတယ်။
ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် စည်ပင်ဝင်းမှာ ဇူလိုင် ၂၄ ရက် မနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး
ကွန်တိန်နာယာဉ်အချို့ တိမ်းမှောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ အခြားမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့ပြီး မှော်ဘီ၊ ဒေါပုံ၊ ဒလ၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း နဲ့ သန်လျင်မြို့နယ်တွေမှာ သစ်ပင်တွေ လဲကျတာ၊ နေအိမ်တွေ အမိုးလန် ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ AI နည်းပညာနဲ့ ဖန်တီးပြီး အများပြည်သူကို အချက်အလက်အမှားတွေ ပေးနေတာပဲ ဖြစ်ပါတယ်။
ဖေစ့်ဘွတ်က ပိုက်ဆံရလိုမှုအတွက် content creator အများစုဟာ ကျင့်ဝတ်ဖောက်ပြီး သတင်းမှားတွေ ဖန်တီးဖြန့်ဝေ နေပါတယ်။