ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ကိုယ်တိုင်လာပြီး အမှုရင်ဆိုင်ဖို့ ICJ ကြေညာတယ်ဆိုတဲ့ သတင်းအမှား
အမှုရင်ဆိုင်ဖို့သွားတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ၃ ဦးကို ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့ကိုယ်တိုင်လာရောက် အမှုရင်ဆိုင်ဖို့ ICJ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ DIY70 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
အချို့ဖြန့်ဝေမှုတွေမှာ ပိုစ့်တင်ပြီး ၆ နာရီအတွင် ပြန်လည်ဖြန့်ဝေမှုပေါင်း ၅၀၀ ကျော်အထိလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကိုယ်စားလှယ် ၃ ဦးကို ဖမ်းပြီး မင်းအောင်လှိုင်ကို ကိုယ်တိုင်လာခိုင်းပြီ' လို့ ရေးသားကာ ဗီဒီယိုထဲမှာတော့ အမှုရင်ဆိုင်ဖို့သွားတဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ၃ ဦးကို ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တို့ကိုယ်တိုင်လာရောက် အမှုရင်ဆိုင်ဖို့ ICJ ကြေညာတယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုနေတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ကိုယ်တိုင်လာပြီး အမှုရင်ဆိုင်ဖို့ ICJ ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သယ်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီကြားနာစစ်ဆေးမှုတွေကို ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာတာအပြင် လူသက်သေတွေကိုပါ တံခါးပိတ်စစ်ဆေးဖို့ ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် လတ်တလောအနေနဲ့ စစ်ဆေးရခြင်း မရှိသေးပဲ လုပ်ကြံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။
ဒါ့အပြင် ခုဖြန့်ဝေနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် ကိုယ်တိုင်လာပြီး အမှုရင်ဆိုင်ဖို့ ICJ ကြေညာတယ် ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြ မထားပါဘူး။
ဒီ ကြားနာပွဲအကြောင်းကို BBC သတင်းဌာနက ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်တဲ့ အာဆလန် ဆူလေမန်နဲ့ မေးမြန်းထားပါတယ်။
အင်တာဗျူး အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



