ထိုင်းနိုင်ငံ ဘန်ဘောစျေးက စျေးသည်တွေ ဆန္ဒထုတ်ဖော်တယ်ဆိုတဲ့ သတင်းအမှား
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ၁၄ ရက်တာ ငြိမ်သက်လှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံ ဘန်ဘောစျေးမှာ စျေးသည်တွေ ဆန္ဒထုတ်ဖော်တယ်ဆိုပြီး လှုံ့ဆော်ရေးသားဖြန့်ဝေနေတဲ့အကြောင်းအရာတွေထွက်ပေါ်လာပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'ဘန်ကောက်သတင်း' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု ၇ ထောင်နီးပါးနဲ့ ဝင်ရောက်ကြည့်ရှု့သူ ၂.၃ သန်းကျော် ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့် ၃၀ နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းနိုင်ငံ ဘန်ဘောက ဈေးသည်တွေ ဆ။_န္ဒ_ဖော်_ထု_တ်ကုန်ပါပြီ ထိုင်းရောက်မြန်မာတို့ရဲ့ ၁၄ရက်တိတ်ဆိတ်နေမှု့က အကျိုးသက်ရောက်မှု့ရှိပါတယ် အားတင်းထားကြပါ ထိုင်းရောက်မြန်မာတို့' လို့ ရေးသားထားပါတယ်။
အချို့ ဖြန့်ဝေမှုတွေမှာတော့ ဒီဗီဒီယိုဖိုင်ကိုပဲ ထိုင်းက နှုတ်ခမ်းမွှေးအဖွဲ့ကိုဦးတည်ရေးသားတဲ့စာသားတွေနဲ့ ဖြန့်ဝေထားတာတွေလည်းရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ၁၄ ရက်တာ ငြိမ်သက်လှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံ ဘန်ဘောစျေးမှာ စျေးသည်တွေ ဆန္ဒထုတ်ဖော်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အခုဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လလည်ခန့်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က ဗီဒီယိုဖိုင်ကို အသုံးပြုပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ၁၄ ရက်တာ ငြိမ်သက်လှုပ်ရှားမှုကြောင့် ထိုင်းနိုင်ငံ ဘန်ဘောစျေးမှာ စျေးသည်တွေ ဆန္ဒထုတ်ဖော် နေတယ်ဆိုပြီး လုပ်ကြံရေးသားဖြန့်ဝေနေတာပါ။
ဒီရုပ်သံဖိုင်မှာ မြင်တွေ့နေရတဲ့ လက်ကိုင်ပလက်ကတ် (Placards) တွေမှာ မြင့်တွေ့နေရတာကို ဘာသာပြန်ကြည့်တဲ့အခါ 'ဒီရွေးကောက်ပွဲကို ငါတို့ကန့်ကွက်ပါတယ်။ အထူးသဖြင့် အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းရဲ့ မဲအရေအတွက်နဲ့ ပတ်သက်ပြီး မဲတွေကို တရားမျှတစွာ ပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုပါတယ်' ဆိုပြီး တွေ့ရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားတွေ ဖြန့်ဝေထားတဲ့ မူရင်း ရုပ်သံဖိုင်တွေမှာလည်း ဒါဟာ မြန်မာရွှေ့ပြောင်းတွေရဲ့ ၁၄ ရက်တာ ငြိမ်သက်လှုပ်ရှားမှု ကိစ္စနဲ့ မသက်ဆိုင်ပဲ ထိုင်းနိုင်ငံရေးနဲ့သာ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ပိုစ့်အောက်က မှတ်ချက်တွေ အရ သိရပါတယ်။
ထိုင်းနိုင်ငံသားတွေ ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်မူရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့ ငြိမ်သက်တိတ်ဆိတ်စွာ နေထိုင်ခြင်းဖြင့် စည်းကမ်းရှိကြောင်း၊ ယဉ်ကျေးကြောင်း ပြသမယ့် ၁၄ ရက်တာ ကမ်ပိန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့က စတင် ပြုလုပ်နေပြီး မြန်မာအလုပ်သမား အများအပြား ပူးပေါင်း ပါဝင်နေကြတာဖြစ်တဲ့အတွက် အရှိန်ရ အောင်မြင်နေတယ်လို့ ထိုင်းရောက်မြန်မာအရေး လှုပ်ရှားသူတွေကို ကိုးကားပြီး သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။
ဒါ့ကြောင့် အခုဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းမှားတွေပဲ ဖြစ်ပါတယ်။



