ရှမ်းတဲလေတပ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီး တိုက်လေယာဉ် ၃ စီး မီးလောင်တယ်ဆိုတဲ့ သတင်းအမှား
မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အခြေစိုက် စစ်ကောင်စီရဲ့ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် (၃) စီး မီးလောင်ပြာကျပြီး စစ်ကောင်စီတပ်သား ၅၈ ဦး သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရှမ်းတဲ လေတပ် ရှော့တိုက်ဒုံးနဲ့ အထုခံရပြီ။ တိုက်လေယာဉ်(၃)စီး မီးလောင်ပြာကျ။ ရှမ်းတဲ လေတပ် ရှော့တိုက်ဒုံးနဲ့ အထုခံရပြီး တိုက်လေယာဉ် (၃)စီး မီးလောင်ပြာကျ၊ စစ်ခွေး(၅၈)ဦး သေဆုံး' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရှမ်းတဲလေတပ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရပြီး တိုက်လေယာဉ် ၃ စီး မီးလောင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အဟောင်းကို အခုဖြစ်ပွားနေသယောင် ပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ သတင်းဟောင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဖြစ်စဉ်မှာ မိတ္ထီလာမြို့အခြေစိုက် စစ်ကောင်စီရဲ့ ရှမ်းတဲလေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရကြောင်း၊ မိတ္တီလာမြို့ အရှေ့ဘက်ခြမ်း မှာရှိတဲ့ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်း ၅ နာရီမထိုးခင်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ကြောင်း၊ ရှမ်းတဲလေတပ်စခန်း ပတ်ပတ်လည်မှာ စစ်ကောင်စီရဲ့ လေတပ်သင်တန်းကျောင်း အပါအဝင် အမြောက်တပ်၊ ခြေမြန်တပ်မ ၉၉နဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေ ရှိကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် တိုက်လေယာဉ် ၃ စီး မီးလောင်တယ်ဆိုတဲ့ အချက်နဲ့ စစ်သား ၅၈ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ အချက်တွေ မပါဝင်ပါဘူး။
သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



