AI နဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပုံအသုံးပြုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
AI နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဓါတ်ပုံကို အသုံးပြုပြီး မြန်မာ့ကောက်ရိုးအနုပညာကို ကမ္ဘာကသိအောင် ဖော်ထုတ်နေတဲ့ ဇနီးမောင်နှံဆိုပြီး ဇာတ်လမ်းဆင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Daw Aye Aye ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ AI နဲ့ ပြုလုပ်ထားတဲ့ လယ်တောထဲက ယောက်ျားနဲ့ မိန်းမပုံကို အသုံးပြုပြီး 'တိမ်မြုပ်နေတဲ့ မြန်မာ့ကောက်ရိုး အနုပညာကို ကမ္ဘာကသိအောင် ဖော်ထုတ်ခဲ့တဲ့ ကိုမောင်စိုးနဲ့ မနှင်းငွေ။ မြန်မာ့ရိုးရာ လက်မှုပညာတစ်ခုဖြစ်တဲ့ ကောက်ရိုး အနုပညာကို မြတ်မြတ်နိုးနိုးနဲ့ ထိန်းသိမ်းဖော်ထုတ်ခဲ့တဲ့ တောင်သူလင်မယားနှစ်ဦးအကြောင်း ဝေမျှပေးချင်ပါတယ်။ သူတို့ ကတော့ ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသတစ်ခုမှာ နေထိုင်ကြတဲ့ ကိုမောင်စိုးနဲ့ မနှင်းငွေတို့ပဲ ဖြစ်ပါတယ်။ မြင်နေရတဲ့ ပုံထဲမှာ ကိုမောင်စိုးနဲ့ မနှင်းငွေတို့ဟာ သူတို့ရဲ့ ရိုးရာသစ်သားအိမ်လေးရှေ့မှာ ထိုင်ပြီး ကောက်ရိုးနဲ့ပြုလုပ်ထားတဲ့ အနုပညာ လက်ရာတွေကို ဂုဏ်ယူစွာ ပြသနေကြတာကို တွေ့ရမှာပါ။ ကြက်ရုပ်လေးတွေ၊ ငါးရုပ်လေးတွေ၊ ငှက်ရုပ်လေးတွေလို ချစ်စရာ သတ္တဝါလေးတွေကအစ ခြင်းတောင်းတွေ၊ အလှဆင်ပစ္စည်းတွေအဆုံး ကောက်ရိုးနဲ့ ဖန်တီးထားတဲ့ သူတို့ရဲ့ လက်ရာတွေဟာ တကယ်ကို အံ့မခန်းပါပဲ' ဆိုပြီး ဇာတ်လမ်းဆင် ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ AI နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဓါတ်ပုံကို အသုံးပြုပြီး လုပ်ကြံရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဓါတ်ပုံကို AI-Generated Content Detection tools နဲ့ စစ်ဆေးကြည့်ရာမှာ ဒီပုံဟာ AI နဲ့ ပြုလုပ်ထားတဲ့ ပုံဖြစ်ဖို့ ၉၉.၉ ရာခိုင်းနှုန်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။
ဒါ့အပြင် AI နည်းပညာ ဖွံ့ဖြိုးလာပြီးနောက်ပိုင်း ဖေစ့်ဘွတ်နဲ့ Youtube ပေါ်က content creator အများအပြားဟာ AI အသုံးပြုပြီး ဓာတ်ပုံနဲ့ ဗီဒီယို တွေ ဖန်တီးပြီး ဝင်ငွေရဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။
content creator အများစုဟာ ကျင့်ဝတ် စည်းကမ်းတွေ စောင့်ထိမ်းလိုက်နာတာတွေ မရှိပဲ ငွေရဖို့ တစ်ခုတည်းကို ကြည့်ပြီး အချက်အလက်မှား၊ အကြောင်းအရာ အမှားတွေ ဖန်တီးဖြန့်ဝေနေတာ တွေ့ရပါတယ်။