မောင့်အရိုင်းပန်း သီချင်းနဲ့ပတ်သတ်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှား

တေးရေးဆရာ စိုင်းခမ်းသီ ဖန်တီးခဲ့တဲ့ မောင့်အရိုင်းပန်း သီချင်းက ဗမာစစ်သားတွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသူလေးကို ရည်ရွယ်ရေးစပ်ခဲ့တာဆိုတဲ့အကြောင်းအရာဟာ အချက်အလက်အမှားသာ ဖြစ်ပါတယ်။

တေးရေးဆရာ စိုင်းခမ်းသီ၊ ဆရာစိုင်းခမ်းလိတ်နဲ့ အဆိုတော် စိုင်းထီးဆိုင်တို့ရဲ့ အချို့သီချင်းတွေရဲ့ အဓိပ္ပါယ်နဲ့ သူတို့ ဘာကို ရည်ညွှန်း ဖွဲ့ဆိုခဲ့တယ်ဆိုတဲ့ အကြောင်းရေးသားထားတဲ့ ပိုစ့်တစ်ခုကို ယမန်နှစ်အတွင်းကတည်းက ဖြန့်ဝေနေတာဖြစ်ပေမယ့် ပိုစ့်ထဲမှာ မောင့်အရိုင်းပန်း သီချင်းအကြောင်းကိုတော့ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့ပါ။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထပ်မံဖြန့်ဝေနေတဲ့ ပိုစ့်တွေမှာတော့ မူရင်းပိုစ့်မှာ မောင့်အရိုင်းပန်း သီချင်း အကြောင်းကို ထပ်မံဖြည့်စွက်ပြီး "မောင့်အရိုင်းပန်း ကတော့ ဗမာစစ်သားတွေ မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ရှမ်းပျိုမေလေးကို ရည်ညွှန်းတာပါ" လို့ ရေးသားဖြန့်ဝေလာတာပါ။

တချို့ဖြန့်ဝေမှုတွေမှာတော့ "မောင့်အရိုင်းပန်း တေးဆို/ စိုင်းထီဆိုင် တေးရေး / စိုင်းခမ်းလိတ် ရှမ်းသ္မီးပျိုလေးတွေကို မုဒိမ်းကျင့် စော်ကားတဲ့ မြန်မာစစ်သားများ အကြောင်း ရေးထားတာပါ နောင်လာနောက်သားတို့ သိထားရမယ်" လို့ ရေးသားထားပါတယ်။


ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေနေမှုနဲ့ ပါတ်သတ်ပြီး တေးရေးစိုင်းခမ်းသီရဲ့သမီး နန်းခမ်းဟွမ်က မောင့်အရိုင်းပန်း သီချင်းဟာ အများထင်သလို နိုင်ငံရေးနဲ့ မသက်ဆိုင်ကြောင်းနဲ့ သူမအဖေ သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ရေးစပ်ထားတာသာ ဖြစ်တယ်လို့ သူမရဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့လည်ပိုင်းမှာ ပြန်လည်ဖြေရှင်းထားပါတယ်။ ဖြေရှင်းချက်နဲ့အတူ တေးရေးစိုင်းခမ်းသီရဲ့ လက်ရေးမှု ဓါတ်ပုံပါ တွဲပြထားပြီး သီချင်းအောက်ဆုံးမှာ မှတ်ချက်အနေနဲ့ ရေးသားထားတာက "ငယ်ပေါင်း နန်းစိန်ကြည်သို့" လို့ ရေးသားထားပါတယ်။


တေးရေးစိုင်းခမ်းသီရဲ့သမီး နန်းခမ်းဟွမ်ရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim Review :   တေးရေးဆရာ စိုင်းခမ်းသီ ဖန်တီးခဲ့တဲ့ မောင့်အရိုင်းပန်း သီချင်းက ဗမာစစ်သားတွေရဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသူလေးကို ရည်ရွယ်ရေးစပ်ခဲ့တာလို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် Boom က သတင်းဆန်းစစ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story