BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းဆန္ဒပြပွဲကို ခုတုံးလုပ်ပြီး...
သတင်းအတု

ထိုင်းဆန္ဒပြပွဲကို ခုတုံးလုပ်ပြီး မိုက်ကယ်ကျော်မြင့် သတင်းအမှားဖြန့်

လူမှုကွန်ယက်ပေါ်မှာ ထိုင်းနိုင်ငံက ဆန္ဒပြပွဲက ဓါတ်ပုံတွေနဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင်တဲ့ ရေးသားမှုတွေနဲ့ သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 Oct 2020 7:53 PM IST
  • ထိုင်းဆန္ဒပြပွဲကို ခုတုံးလုပ်ပြီး မိုက်ကယ်ကျော်မြင့် သတင်းအမှားဖြန့်

    အဆိုပါ ရေးသားဖြန့်ဝေမှုကို မိုက်ကယ်ကျော်မြင့်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အောက်တုဘာလ ၁၆ ရက်နေ့ ၁၁ နာရီ ၄၄ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီ အကြောင်းအရာထဲမှာ ထိုင်းနိုင်ငံမှာ ဆန္ဒပြနေကြတဲ့ သူတွေရဲ့ ဓါတ်ပုံတွေကို ထည့်သွင်း အသုံးပြုထားပါတယ်။ အဲ့ဒီဓါတ်ပုံထဲက ဆန္ဒပြနေတဲ့ လူအုပ်ကြီးဟာ လက်သုံးချောင်း ထောင်ထားကြပါတယ်။ မိုက်ကယ်ကျော်မြင့် ဖေ့စ်ဘွတ်အကောင့်ဟာ အဲ့ဒီဓါတ်ပုံတွေကို အသုံးပြုပြီးရေးသားရာမှာ "လက် ၃ ချောင်းကမ်ပိန်း ထိုင်းမွတ်ဆလင်များ ဦးစီးသော ထိုင်ဘုရင်နန်းချပွဲ ကြည့်ထား။ အဲ့ဒါကျုပ်တို့တိုင်းပြည်အတွက် သင်ခန်းစာပေးနေသလိုပဲဆိုတာသ်ိဖို့" ဆိုတဲ့ စာသားတွေကို ရေးတင်ခဲ့ပါတယ်။

    မိုက်ကယ်ကျော်မြင့်မှာ အဆိုပါ အကြောင်းအရာကို ၎င်းရဲ့ ဖေ့စ်ဘွတ် အကောင့် ၂ ခုမှာ တင်ထားပြီး အဲ့ဒီ ပိုစ့်တွေကို ထပ်ဆင့်ဝေမျှသူ ၅၀၀ ကျော်စီ ရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၅၀၀ ကျော် ရှိနေပြီး တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ပြန်တင်ထားကြပါတယ်။

    တခြားဖြန့်ဝေသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်ဝတ်စုံ နဲ့ လက်သုံးချောင်းထောင်ထားတဲ့ ဓါတ်ပုံမှာ "အစ္စလာမ်ဘာသာမှာ မိုဟာမက်ရဲ့ သမီးတော်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်တဲ့" ဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်။ တချို့ဓါတ်ပုံတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနဲ့ အတူ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာရှတိုက်မှာ ကံကောင်းစေတဲ့ အဆောင်အဖြစ်သုံးကြတဲ့ Hamsa လို့ ခေါ်တဲ့ သင်္ကေတပုံတွေကို ပူးတွဲပြီး တင်ထားပါတယ်။

    အဆိုပါ ပိုစ့်တွေကို အမျိုးသားရေးအင်းအားစုတွေ သီးသန့် ရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကို ဖြန့်ဝေခဲ့ကြပါတယ်။


    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံ ဆန္ဒပြပွဲက လက် ၃ ချောင်းထောင်ထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး မွတ်စလင်တွေ ထိုင်းဘုရင်ကို ဖြုတ်ချတယ်ဆိုတဲ့အချက်ဟာမှားယွင်းတဲ့ရေးသားချက်ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးနိုင်အောင် ကူညီပေးနေတဲ့ စည်းမျဉ်းခံဘုရင်စနစ် ကို ပြုပြင် ပြောင်းလဲဖို့ ဆန္ဒပြတောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။

    ဒီလိုတောင်းဆိုချက်ထဲမှာ တော်ဝင်မိသားစုကို ဝေဖန်ခွင့် ပိတ်ပင်ထားတဲ့ ဥပဒေကို ဖျက်သိမ်းဖို့နဲ့ တော်ဝင်မိသားစုရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြည်သူပိုင်ငွေ အသုံးပြုခြင်း လျှော့ချဖို့ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ တောင်းဆိုကြခြင်း ဖြစ်ပါတယ်။ လက်ရှိတောင်းဆိုချက်ထဲမှာ ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ကိုပါ နုတ်ထွက်ပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်သူ အများစုဟာ ကျောင်းသားများဖြစ်ပြီး ဒီမိုကရေစီ အရေး လိုလားသူတိုင်းပါဝင် ဆန္ဒပြနေခြင်းသာ ဖြစ်ပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုသက်ဆွေဝင်းက "ထိုင်းမှာ လက် ၃ ချောင်းထောင်တဲ့ Movement က အခုမှ ဖြစ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်တုန်းကလည်း ကျွန်တော်တို့ လုပ်ခဲ့ကြဖူးတာ ရှိတယ်။ သူ့အဓိပ္ပါယ်က အာဏာရှင် ဆန်ကျင်တဲ့ အဓိပ္ပါယ်။ The Hunger Game ဆိုတဲ့ ရုပ်ရှင် ထဲမှာပါတဲ့ ဇာတ်ဝင်ခန်းပေါ့ အဲ့ဒီအထဲက Gesture ကို လူတွေက ဝိုင်းသဘောကျပြီး လုပ်ကြတာပေါ့။ အာဏာရှင်ကို ဆန့်ကျင်တယ် ဆိုတာ။ အဲ့ဒီ ရုပ်ရှင်ကား ပြီးကတည်းက နောက်ပိုင်းထွက်လာတဲ့ ဆန္ဒပြပွဲတွေ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အများစုမှာ အဲ့ဒီ Gesture ကို သုံးကြတယ်ပေါ့။ ကျွန်တော်တို့လည်း ရန်ကုန်မှာ အဲ့ဒီ Movement တွေ အရင်တုန်းက လုပ်ခဲ့ကြဖူးတယ်" လို့ဆိုပါတယ်။

    ဆက်လက်ပြီးသူက "ဒီ မိုက်ကယ်ကျော်မြင့် ဆိုတဲ့ ပုဂ္ဂိုလ်က ဘယ်လိုလူလဲ ဆိုတာလည်း အားလုံးသိပြီးသား။ သူ့အနေနဲ့ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ နိုင်ငံရေး အောက်လုံးထိုးတဲ့ ကိစ္စတွေက အမြဲတမ်း လုပ်နေကြ။ အခုဆိုလို့ရှိရင် သူက ဘာသာရေး လူမျိုးရေးကို အမုန်းပွားအောင် လှုံ့ဆော်ပြီးတော့ ရွေးကောက်ပွဲကာလမှာ လုပ်တယ်ဆိုတော့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ငြိမယ်လို့ ယူဆတယ်။ ဒီဟာကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ သေချာ သုံးသပ်သင့်တယ်ပေါ့နော်။ ဒီ ပိုစ့်တွေက ဘာမှ လူတွေကြားထဲ ပေါက်တာတော့ မဟုတ်ပေမယ့် သူတို့တွေရဲ့ ရပ်တည်ချက်တွေက မမှန်ဘူးဆိုတာ ဖော်ပြနေတယ်။ ဒါတွေကိုလည်း တရားဥပဒေ စိုးမိုးရေးပိုင်း သေချာလုပ်မယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စီစစ်တာ အရေးယူတာ လုပ်ဖို့ လိုပါလိမ့်မယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    အလားတူ လက် ၃ ချောင်း ထောင်နေတဲ့ ဓါတ်ပုံတွေကိုသုံးပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ဘာသာရေးအသုံးချတိုက်ခိုက်တဲ့ ရေးသားချက်တွေရှိသလို အဲ့ဒီအကောင့်တွေမှာ ရေးသားထားတဲ့အထဲမှာ အချက်အလက် အမှားတွေကို ထည့်သွင်းရေးသားကြတာ တွေ့ရပါတယ်။

    ဒီလိုလက်သုံးချောင်းထောင်တဲ့ ပုံတွေကို အရှေ့အလည်ပိုင်း အချို့ဒေသတွေမှာ Hamsa hand လို့ ခေါ်ကြပြီး အဲ့ဒီ ဓါတ်ပုံဟာ ကံကောင်းစေတဲ့ အဆောင်တစ်ခု အဖြစ်အသုံးပြုလေ့ရှိပါတယ်။ အဲ့ဒီ သင်္ကေတပုံဟာ လက်ငါးချောင်း ထောင်ထားတဲ့ ပုံဖြစ်ပြီး အဲ့ဒီ လက်ဟာ ညာဘက်လက်ဖဝါးဖြစ်ပြီး ရဲ့ အဆိုပါ လက်ဖဝါးရဲ့ အလယ်မှာ မျက်လုံး တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ လက်ဖဝါးပုံကို အရှေ့အလယ်ပိုင်း ဒေသမှာ ကံကောင်းစေတဲ့ စွမ်းအားရှိတဲ့ အဆောင်တစ်ခု အဖြစ် အသုံးပြုလေ့ရှိပြီး ဂျူး၊ မွတ်စလင်၊ ဟိန္ဒူနဲ့ ဂျိမ်းဘာသာဝင်တချို့ကလည်း အသုံးပြုလေ့ရှိကြပြီး အရှေ့အလယ်ပိုင်းဒေသက ခရစ်ယာန် ဘာသာဝင်ထဲမှာလည်း အသုံးပြုသူ တချို့ရှိပါတယ်။ အဆိုပါ အဆောင်ကို ဆွဲကြိုးတွေ နားကပ်တွေ အဖြစ်လည်း အသုံးပြုလေ့ရှိပြီး အဲ့ဒီအဆောင် ဝတ်ထားတဲ့ နတ်ဆိုးရဲ့ နှောင့်ယှက်မှုက ကာကွယ်နိုင်တယ်ဆိုတဲ့ သက်ဝင်ယုံကြည်မှုနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ မွတ်စလင်ထဲက တချို့ကတော့ Hamsa Hand ကို တမန်တော်မိုဟာမက်ရဲ့ သမီး Fatima သခင်မရဲ့ လက်လို့ ခေါ်ဆိုကြသူတချို့လည်း ရှိပါတယ်။


    ဆန္ဒပြပွဲမှာ အသုံးပြုတဲ့ သင်္ကေတွေကို ဘာသာရေးပုံစံဖြစ်အောင် ရေးသား ဖြန့်ဝေနေမှုအပေါ် အစ္စလာမ် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) က "ထိုင်းမှာ ဆန္ဒပြသူတွေဟာ လက် ၃ ချောင်း ထောင်ပြီးတော့ အာဏာရှင် ဆန့်ကျင်ရေးပေါ့လေ အစိုးရ ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်း သူတို့ လုပ်တဲ့ အခါမှာ လက် ၃ ချောင်းဆိုတဲ့ သင်္ကေတကို ဖော်ပြကြပါတယ်။ ဒီ လက် ၃ ချောင်းနဲ့ အစ္စလာမ်နဲ့က ဘာမှ ပတ်သက်ခြင်း မရှိဘူး။ ထိုင်းမှာ ဆန္ဒပြနေတာက ထိုင်းက ပြည်သူပြည်သားတွေ သူတို့ထဲမှာ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ ပါတယ်။ သူတို့ဟာသူတို့ သူတို့ရဲ့ သင်္ကေတ။ မွတ်စလင်တွေ ဦးဆောင်ပြီး ဆန္ဒပြနေတာလည်း မဟုတ်ဘူး။ မဆီမဆိုင် သူများတိုင်းပြည်က ဟာကို ပြည်တွင်းမှာတင် မကဘူး သူများတိုင်းပြည်က လုပ်နေတာကိုပါ အစ္စလာမ်တွေ လုပ်နေတယ်ပေါ့။ သူတို့ အုပ်စုက ရွေးကောက်ပွဲ နီးလာရင် ဒီလိုလုပ်နေကြပဲ။ အစ္စလာမ် ဆန့်ကျင်ရေးလုပ်ရင် သူတို့အတွက်က တခြားဒီထက်ပိုပြီး ပညာမတက်ကြတော့ဘူး။ မွတ်စလင် ဆန့်ကျင်လိုက်မှ တိုင်းပြည်ချစ်ရာ အမျိုးဘာသာစောင့်ရာ ရောက်တယ် ထင်နေတယ်။ မွတ်စလင်ထဲမှာ ရှိတဲ့ သင်္ကေတ တစ်ခုက ရှီယာဂရုမှာဆို ပန်ဂျသန်လို့ ခေါ်တဲ့ တမန်တော်မြတ်ရယ်၊ သူ့ရဲ့ ညီတော်လည်းခေါ်တယ် သားမတ်တော်လည်း ခေါ်တဲ့ ဟာဇရသ်အလီရယ်၊ ဟာဇရသ်အလီရဲ့ ကြင်ယာတော်ပေါ့ ဖာတီမာသခင်မ၊ သားတော် ၂ ပါးဖြစ်တဲ့ အီမာန် မဆန်နဲ့ ဟူစိုင် ဒါကို ပန်ဂျသန် ဆိုပြီးတော့ လက်ငါးချောင်း သင်္ကေတ ရှိပါတယ်။ ဒါနဲ့လည်း ဘာမှ မဆိုင်ဘူး။ ဒါက ဘာသာရေး သီးသန့်ကိစ္စ နိုင်ငံရေးနဲ့လည်း ဘာမှ မဆိုင်ပါဘူး။ ဒါလည်း အများစုက သုံးတဲ့ သင်္ကေတလည်း မဟုတ်ဘူး။ ဒါက ထိုင်းက လက်သုံးချောင်းနဲ့ ဘာမှမဆိုင်ဘူး" လို့ ရှီအာ မွတ်စလင်တွေ အသုံးပြုတဲ့ လက် ၅ ချောင်း သင်္ကေတ အကြောင်းကို အခုလို ရှင်းပြပါတယ်။


    ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်ဝတ်စုံနဲ့ လက်သုံးချောင်းထောင်ထားတဲ့ ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာ ပြုစဉ်မှာ ကင်းထောက်အဖွဲရဲ့ ကတိသစ္စာပြုတဲ့ သင်္ကေတ လက် ၃ ချောင်းကို ထောင်ထားတာ ဖြစ်ပါတယ်။ ကင်းထောက်အဖွဲ့မှာ အဆိုပါ လက်သုံချောင်း သင်္ကေတဟာ ကင်းထောက် ကတိသစ္စာ ၃ ပါးကို ဆောင်ရွက်မယ်လို့ ကတိပြုရာမှာ သုံးကြတာ ဖြစ်ပါတယ်။






    Tags

    fake newsThai protests photoScout signthree-fingered salutePanjtanhamsa handလက်သုံးချောင်းသင်္ကေတကင်းထောက်
    Read Full Article
    Claim :   ထိုင်းဆန္ဒပြပွဲ ဓါတ်ပုံတွေကို အသုံးပြုပြီး ဘာသာရေးအသွင်ဆောင်အောင် ရေးသားဖြန့်ဝေနေတဲ့နဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!