လားရှိုးမြို့ကို 'ဝ' တပ်ဖွဲ့ စတိုက်တယ်ဆိုတဲ့ သတင်းအမှား
လားရှိုးမြို့ကို 'ဝ' တပ်ဖွဲ့ UWSA က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တစ်မြို့လုံး စစ်ဘေးတိမ်းရှောင်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုးကို UWSA စတိုက်ပြီ။ လားရှိုးကို ပြန်ရရေး UWSA စစ်ကူလာပြီ။ တစ်မြို့လုံး ပြည်သူများ တိမ်းရှောင် ထွက်ပြေးကုန်ပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လားရှိုးမြို့ကို 'ဝ' တပ်ဖွဲ့ စတိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဖေစ့်ဘွတ်ပေါ်မှာ အခြားသူတစ်ဦးက သူ့ရဲ့ အမြင်သက်သက်ကို ရေးတင်ထားတဲ့ 'အသွားနှစ်ဖက်နဲ့လှံ (သို့) စစ်အုပ်စုကို ပြန်ထိုးမိနေတဲ့ စစ်မှုထမ်းဥပဒေ' ဆိုတဲ့ အကြောင်းအရာကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ကို 'ဝ' တပ်ဖွဲ့ UWSA က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တစ်မြို့လုံး စစ်ဘေးတိမ်းရှောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို UWSA ဘက်က ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။