ဝ တပ်ဖွဲ့နဲ့ NUG ပူးပေါင်းပြီး နေပြည်တော်ကို ထိုးစစ်ဆင်တယ်ဆိုတဲ့ သတင်းအမှား
၀ ပြည် သွေးစည် ညီညွတ်ရေး တပ်မတော် UWSA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပူးပေါင်းပြီး နေပြည်တော်ကို ထိုးစစ်ဆင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'UWSA ထိုးစစ် ဝင်လာကြပြီ။ နေပြည်တော် အနီရောင်ပြပြီ။ UWSA တပ် NUG နဲ့ပူးပေါင်းလာနေပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဝ တပ်ဖွဲ့နဲ့ NUG ပူးပေါင်းပြီး နေပြည်တော်ကို ထိုးစစ်ဆင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ မောင်း ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ် ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့ကြောင်း၊ သြဂုတ်လ ၁၅ရက်နေ့က အကြမ်းဖက်စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်သားတွေဟာ သူစိုးကျေးရွာကို ဝင်ရောက်မွှေနှောက်ရင်း ခွေးရေတောတိုက်မှာနေထိုင်တဲ့ စစ်ရှောင်မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဝ တပ်ဖွဲ့နဲ့ NUG ပူးပေါင်းပြီး နေပြည်တော်ကို ထိုးစစ်ဆင်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
မောင်း မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ၀ ပြည် သွေးစည် ညီညွတ်ရေး တပ်မတော် UWSA က ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ ရှမ်းတပ်(SSPP )တို့ကို စစ်ရေးနဲ့ ငွေကြေးအထောက်အပံ့တွေ မပေးတော့ဘူးလို့ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။