ရွှေပုပ္ပါးသွေးဆေးရောင်းသူတွေကို ပြည်ခိုင်ဖြိုးပါတီဝင်တွေ ထွက်ရိုက်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ပတ်သက်တဲ့ သတင်းအမှားတစ်ပုဒ်ပျံ့နှံ့ခဲ့ပါတယ်။

အဲ့ဒီ သတင်းအမှားကို ဟာ ဇူလိုင်လ ၅ ရက်ခန့်က စတင်ပျံနှံ့ခဲ့တာဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ အခုလိုရေးသားဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

"သွေးလေခြောက်ချားနေသလား ရွှေပုပ္ပါးသွေးဆေးကိုစား နာမည်ဖြင့်သွေးဆေး လှည့်လည် ကြေငြာသည့်ကား ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင် ဆေးကြေငြာနေသဖြင့် ပါတီရုံးထဲမှ ပါတီဝင်များ ထွက်ရိုက်မှုဖြစ်ပွား" ဆိုတဲ့ သတင်းခေါင်းစဉ်ကို တပ်ထားပါတယ်။

အဆိုပါ သတင်းရဲ့ အတွင်းပိုင်းမှာတော့ " ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်ကနေပြည်တော်ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ရှေ့တွင် ရွှေပုပ္ပါး သွေးဆေးကုမ္မဏီ၏ သွေးဆေးကြေငြာသည့်ကားသည် ပါတီရုံးရှေ့အလွန်၌ ကားကိုရပ်တန့်၍ သွေးဆေးကြေငြာနေစဉ် ပြည်ခိုင်ဖြိုး ပါတီဝင်များ မှဒုတ်များကိုင်ဆောင်၍ သက်သက်မဲ့ လာအရှက်ခွဲနေတာ ချကွာဆိုပြီးကားအားထုရိုက်ခြင်းများပြုလုပ်၍ယာဉ်မောင်းအားဝိုင်းဝန်းထိုးကြိတ်ခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ယာဉ်မောင်းမှာဖူးယောင်ပေါက်ပြဲဒဏ်ရာအချို့ရရှိခဲ့ပြီးကားမှာအနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ နေပြည်တော် ဒက္ခိဏခရိုင်ရဲစခန်းမှ တာဝန်ရှိရဲအရာထမ်းများရောက်ရှိလာပြီး ဆေးကုမ္မဏီကားကိုရဲစခန်းသို့ခေါ်ဆောင်၍စစ်ဆေးနေပြီဖြစ်ကြောင်းသိရသည်" လို့ ရေးသားထားပြီး ၎င်းသတင်းအတုနဲ့ အတူ ဆူဇူကီး ကားတစ်စီးရပ်ထားတဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။

သတင်းရဲ့ အောက်ဆုံး ရေးသားသူ နေရာမှာ ရဲဇော်လို့ ဖော်ပြထားပေမယ့် ရဲဇော်ဆိုသူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ အဲ့ဒီသတင်းကို မတွေ့ရတော့ပါဘူး။ တခြားကူးယူပြီးဖော်ပြတဲ့ Ko Pauk ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတော့ ဒီသတင်းကို ထပ်ဆင့်ဝေမျှသူ ၅၀၀၀ ကျော် ရှိနေပြီး တခြားအကောင့်ပေါင်းများစွာကလည်း ဒီသတင်းကို ပြန်တင်ထားကြပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့ခဲ့တဲ့ အကြောင်းအရာဖြစ်တဲ့ ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဒါဟာ သတင်းအမှားသက်သက်သာ ဖြစ်ပြီး ဒီလို ဖြစ်စဉ် ဖြစ်ပျက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီသတင်းအမှားနဲ့ ပက်သက်ပြီးတော့ "ဒီသတင်းအမှားထုတ်လွှင့်သူ ရဲဇော်ဆိုတဲ့ဟာလေ ကျွန်တော်တို့ပါတီကို တစိုက်မတ်မတ်နဲ့ ကျွန်တော်တို့ ဥက္ကဌကြီးကို ပုံဖျက်ရေးသားမှုတွေ၊ နောက်ကျွန်တော်တို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့် တို့ ကျွန်တော် သိန်းထွန်းဦးတို့ ဒေါ်ယဉ်မင်းမြင့်ဆွေတို့ အစရှိသဖြင့် တောက်လျှောက်ပုံဖျက်ပြီးတော့ သတင်းအမှားတွေ ထုတ်နေတာ။ အဲ့ဒီမနေ့တုန်းက နေပြည်တော်က မြို့နယ်တစ်ခုမှာလည်းပဲ ဒီသွေးဆေးကိစ္စနဲ့ ပက်သက်ပြီးတော့ သတင်းအမှားကို ထုတ်လိုက်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲနားနီးလာလေ ဒီလူက ပိုဆိုးလာလေပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့ ပြောချင်တာက မနေ့တုန်းက သူထုတ်တဲ့သတင်းသည် လုံးဝမဟုတ်မမှန်ပါဘူး။ ဖြစ်စဉ်လည်း လုံးဝ မရှိပါဘူး ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ပြောလိုပါတယ်" လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ရွေးကောက်ပွဲအကြိုကာလအတွင်း အင်အားကြီးပါတီတွေနဲ့ပတ်သက်တဲ့ သတင်းအမှားတွေနေ့စဉ်ပေါ်ထွက်နေသလို ပါတီတစ်ခုနဲ့တစ်ခုအကြား သတင်းအမှားတွေဖြန့်ချိပြီး တိုက်ခိုက်မှူတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ များသောအားဖြင့် ဒီလိုသတင်းအမှားဖြန့်ဝေသူတွေဟာ အကောင့်တုတွေနဲ့ ဖြန့်ဝေတာဖြစ်သလို တချိူ့အကောင့်တွေဟာ သတင်းအမှားဖြန့်ဖို့သက်သက်ဖန်တီးထားကြတာကို Boom Myanmar က စိစစ်တွေ့ရှိရပါတယ်။

Claim :   လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့ခဲ့တဲ့ အကြောင်းအရာဖြစ်တဲ့ ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေး ထားပါတယ်။
Claimed By :  Facebook, website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.