NUG ကို အမေရိကန် လက်နက်ပေးတယ်ဆိုတဲ့ သတင်းအမှား
NUG နဲ့ သမ္မတထရမ့် သဘောတူညီမှုရယူပြီး အမေရိကန်က လက်နက်ပေးမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို အမေရိကန် လက်နက်ပေးမည်။ သမ္မတ ထရမ့် ေ-ာမချင်နေတဲ့ မင်းအောင်လှိုင် နားကားပြီ။ NUG နဲ့ သမ္မတထရမ့် သဘောတူညီမှုရပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၇ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG ကို အမေရိကန် လက်နက်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇူလိုင် ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'မင်းအောင်လှိုင်က အမေရိကန်နှင့်ပြေလည်ရန် ကြိုးစားနေချိန် မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမည့် ဥပဒေကြမ်း ၃ ခုကို အမေရိကန်လွှတ်တော် ကော်မတီများက အတည်ပြု' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်နဲ့ ပြေလည်ရေး ကြိုးစားနေချိန် မြန်မာစစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမည့် ဥပဒေ ကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရေးရာ ကော်မတီတွေက အတည် ပြုလိုက်တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ NUG နဲ့ သမ္မတထရမ့် သဘောတူညီမှုရယူပြီး အမေရိကန်က လက်နက်ပေးမယ်ဆိုတဲ့အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။