အမေရိကန်က တရုတ်ရေငုပ်သင်္ဘောတွေကို ဖျက်စီးလိုက်တယ်ဆိုတဲ့ သတင်းအမှား
အမေရိကန်က တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အထူးတပ်ဖွဲ့နဲ့ ရေငုပ်သင်္ဘော (၅) စီးကို ပစ်ခတ်နှစ်မြုပ်လိုက် တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Ps ent News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူ အများအပြားနဲ့ ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေရိကန်ကတောင်တရုတ်ပင်လယ်မှာ တရုတ် အထူးတပ်ဖွဲ့၀င်(၇၀၀)၊ရေငုပ်သင်္ဘော(၅)စီးကို ဖျက်စီးလိုက်ပြီ' လို့ ရေးသားထားပါတယ်။
ဗီဒီယို Thumbnail မှာလည်း 'F-35 နဲ့ မျှားလိုက်တာ ၅ စီးမိသွား။ ရှီ ကြွားသမျှ ရေမျော။ မိနစ်ပိုင်းအတွင်း ငါးစာဖြစ်သွားတဲ့ တရုတ်ရေတပ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိကန်က တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်အထူးတပ်ဖွဲ့နဲ့ ရေငုပ်သင်္ဘော (၅) စီးကို ပစ်ခတ်နှစ်မြုပ်လိုက်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ ပြောဆိုထားတာတွေဟာ စိတ်ကူးယဉ်သက်သက်နဲ့ အများပြည်သူကို အချက်အလက် အမှားတွေ ဖြန့်ဝေပြီး Facebook နဲ့ Youtube ကနေ ပိုက်ဆံရှာဘို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းသာ ဖြစ်ပါတယ်။
အမေရိကန်က တရုတ်ရေငုပ်သင်္ဘောတွေကို ဖျက်စီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ နိုင်ငံတွေ၊ အဖွဲ့အစည်း တွေက ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။