စစ်ကောင်စီက မြို့ကြီး ၅ မြို့ မာရှယ်လောထုတ်ပြီး ဗုံးကြဲဖို့ အမိန့်ပေးတယ်ဆိုတဲ့သတင်းအမှား
အကြမ်းဖက် စစ်ကောင်စီက မြို့ကြီး ၅ မြို့ မာရှယ်လောထုတ်ပြီး ဗုံးကြဲဖို့ အမိန့်ပေးတဲ့ ကြေညာချက် ထွက်ပေါ်လာသယောင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ် အမိန့်ပေးနေပြီ။ မြို့ကြီး ၅ မြို့ မာရှယ်လောထုတ်ပြီး ဗုံးကြဲဖို့ အမိန့်။ ပြည်သူတွေ အထူးသတိ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၂ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သောင်းခွဲကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက မြို့ကြီး ၅ မြို့ မာရှယ်လောထုတ်ပြီး ဗုံးကြဲဖို့ အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆုံးရှုံးထားသော မြို့နယ်များအနက်မှ မြို့ပေါ်ဧရိယာများကို အဓိက ဖြစ်နိုင်သမျှ အမြန် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် ညွှန်ကြား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ ဆုံးရှုံးထားတဲ့ မြို့နယ်တွေထဲက မြို့နယ်တစ်ခုလုံးသိမ်းပိုက်ခြင်းထက် မြို့ပေါ် ဧရိယာတွေကိုသာ ဖြစ်နိုင်သမျှအမြန်ဆုံး အဓိက ပြန်လည် သိမ်းပိုက်ဖို့ ညွှန်ကြားထားကြောင်း၊ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်ခိုင်းကြောင်း၊ စစ်ကြောင်းမှ အရာရှိနဲ့ စစ်သည်တွေအားလုံးကို ရာထူးတိုးပေးတာ၊ မက်လောက်သော ဆုငွေနဲ့ အခွင့်အရေးတွေပါ ချီးမြှင့်ပေးမယ်လို့ မက်လုံးပေးထားကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ မြို့ကြီး ၅ မြို့ မာရှယ်လောထုတ်ပြီး ဗုံးကြဲဖို့ အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။