နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးချုပ် စစ်တပ်က မီးရှို့တယ်ဆိုတဲ့ သတင်းအမှား
နေပြည်တော်မှာ ရှိတဲ့ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်ကို စစ်တပ်က မီးရှို့ပြီး ဦးခင်ရီနဲ့ အပေါင်းပါ (၉) ဦးကို ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော်ရှိ ကြံခိုင်ရေး ရုံးချုပ် စစ်တပ်မှ မီးရှို့။ ကြံ့ဖွတ်ပါတီနဲ့ ပြသာနာတက်ပြီ၊ ကြံ့ဖွတ်ရုံးချုပ်ကို စစ်တပ်မှ မီးရှို့ ၊ ခင်ရီနဲ့အပါင်းပါ(၉)ဦး ဖမ်းဆီးခံရ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးချုပ် စစ်တပ်က မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Myanmar Pressphoto Agency သတင်းဌာနမှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကျောက်မဲမြို့ ၁၀ မိုင်ခန့်အကွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ TNLA ပူးပေါင်းတပ်တွေ ခုခံမှုကြောင့် စစ်တပ်ကရှေ့ဆက်မတိုးနိုင်' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ၁၀ မိုင်ခန့်အကွာမှာ စစ်ကော်မရှင်တပ်တွေနဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ရှေ့ဆက်မတိုးနိုင် ဖြစ်နေတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ နေပြည်တော်ရှိ ကြံ့ခိုင်ရေးရုံးချုပ် စစ်တပ်က မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Myanmar Pressphoto Agency သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။