တရုတ်ရေတပ်ကို ဂျပန်စစ်တပ် ချုံခိုတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား
တရုတ်လေယာဉ်တင် သင်္ဘောတွေ ပါဝင်တဲ့ တရုတ်ရေတပ်တစ်ခုလုံးကို ဂျပန်စစ်တပ်က ချုံခိုတိုက်ခိုက်တယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Topnew TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ် ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ Youtube channel အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''ပွဲကြမ်းပြီ။ တရုတ်ရေတပ်တစ်ခုလုံးကို ချုံခိုတိုက်ခိုက် ခဲ့တဲ့ ဂျပန်စစ်တပ်။ တရုတ်လေယာဉ်တင် သင်္ဘောတွေကို မျိုးဖြုတ်လိုက်တဲ့ ဂျပန်။ နာရီ ၅၀ အတွင်း တရုတ်စစ်သင်္ဘော တွေ ရေအောက်ရောက်ကုန်ပြီ။ တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေ လန့်နေပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်ရေတပ်ကို ဂျပန်စစ်တပ် ချုံခိုတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ AI နဲ့ ပြုလုပ်ထားတဲ့ ရုပ်ပုံတွေ၊ မီဒီယာတွေမှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်အတိုတွေ အသုံးပြုပြီး စိတ်ကူးယဉ်ပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
တရုတ်ရေတပ်ကို ဂျပန်စစ်တပ် ချုံခိုတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ နိုင်ငံတွေက ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။