ရက္ခိုင့်တပ်တော် AA က နေပြည်တော်ကို အင်အားထောင်ချီနဲ့ ဝင်သိမ်းတော့မယ်ဆိုတဲ့ သတင်းအမှား
အာရက္ခတပ်တော် AA က စစ်တိုင်းကြီး (၃)တိုင်း ခွဲကာ တပ်ဖြန့်ပြီး နေပြည်တော်ကို အင်အားထောင်ချီနဲ့ ဝင်သိမ်းတော့မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yaung Ni News Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရက္ခိုင့်တပ်တော် AA က စစ်တိုင်းကြီး (၃)တိုင်း ခွဲကာ တပ်ဖြန့်ထားပြီး နေပြည်တော်ကို အင်အား ထောင်ချီနဲ့ ဝင်သိမ်းတော့မယ့်သတင်း' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရက္ခိုင့်တပ်တော် AA က နေပြည်တော်ကို အင်အားထောင်ချီနဲ့ ဝင်သိမ်းတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မြေလတ်အသံ သတင်းဌာနမှာ မေလ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'ရွှေကျင်မြို့နယ် အမှတ် ၁ ဒေသမှူးအပါ ၃ ဦးကို စစ်ကောင်စီတပ်တွေပစ်သတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရွှေကျင်မြို့နယ် အမှတ် ၁ ဒေသမှူးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေ ၂၁ ရက်နေ့လယ် ၁ နာရီခန့်က ပစ်သတ်ခဲ့တယ် ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ရက္ခိုင့်တပ်တော် AA က နေပြည်တော်ကို အင်အားထောင်ချီနဲ့ ဝင်သိမ်းတော့မယ် ဆိုတဲ့အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
မြေလတ်အသံ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။