ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ သတင်းစုံ ဆိုတဲ့ Website နဲ့ Thu Ta ဆိုတဲ့ Website တွေမှာ တင်ထားတာ ဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး စာသင်ကျောင်းများကို ပြန်ဖွင့်ပေးတော့မည်" လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းရဲ့ အတွင်းမှာတော့ "ကလေးငယ်များရဲ့ပညာရေးအတွက် စဉ်းစားပြီး အကောင်းဆုံး ဖြစ်စေနိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးတွေကို သေချာစီစဉ်ပြီး ထိုးပေးသွားမှာပါ။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသွားမှသာ စာသင်ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်နိုင်မှသာ တက္ကသိုလ်ဝင် စာမေးပွဲကို စစ်ဆေးပေးသွားမှာပါ။ အားလုံးသေချာစီစဥ်ပြီး အားလုံးအတွက်စိတ်ချရမှသာ တက္ကသိုလ်ဝင် စာမေးပွဲတွေကို ပြုလုပ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကပြောပါတယ်" လို့ ရေးသားထားပြီး သတင်းရဲ့ အောက်ဆုံးမှာ "အခြေခံပညာ ဦးစီးဌာန" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားမှုကို ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ အဆိုပါ သတင်းဟာ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီ သတင်းအမှားကို ရေးသားဖြန့်ဝေခဲ့တဲ့ Website တွေဟာ သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဝင်ရောက်ကြည့်ရှု့သူ များအောင် ဖန်တီးကာ ငွေရှာနေတဲ့ Website တွေဖြစ်ကြောင်း တွေ့ရပါတယ်။

လက်ရှိမှာ ကိုရိုနာရောဂါကို ကာကွယ်နိုင်တဲ့ဆေး လုံးဝ မထွက်သေးသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးလည်း မထွက်သေးပါဘူး။ အရေးပေါ် လူနာတွေကို ကုသဖို့ Remdesivir ဆေးကိုအသုံးပြုနေကြတဲ့ အဆင့်မှာသာ ရှိပါသေးတယ်။ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကလည်း ကိုရိုနာ ရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ ဆေး မထွက်သေးဘူးလို့ အတိအလင်း ကြေငြာထားပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံက Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားနေဆဲသာဖြစ်ပြီး အဆိုပါ ကော်မတီက စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြောကြားထားခြင်း မရှိသေးပါဘူး။


Claim Review :   ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story