အစ္စရေး စစ်စခန်း ၂၀ ကို ကာတာက ဒုံးကျည်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား
ကာတာနိုင်ငံ ပိုင်နက်ထဲကို အစ္စရေး လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့တဲ့အတွက် အစ္စရေး စစ်စခန်း ၂၀ ကို ဒုံးကျည်နဲ့ ပြန်လည်တိုက်ခိုက် ဖျက်ဆီးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Topnew TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကာတာဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်စခန်း(၂၀)ဖျက်စီးခံရ' လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ 'အစ္စရေး စစ်တပ်ရဲ့ ရေဒါတွေဟာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၃၀ ထဲက ၇ ခုလောက်ကိုသာ တားဆီးနိုင်ခဲ့ကြောင်း၊ ကျန်တဲ့ ဒုံးကျည်တွေက ပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း၊ အစ္စရေးက သေဆုံးသူ အရေအတွက်ကို ဖုံးကွယ်ဘို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမယ့် သတင်းရင်းမြစ်တွေ အဆိုအရ စစ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ရာကျော်ရှိကြောင်း' တွေ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အစ္စရေး စစ်စခန်း ၂၀ ကို ကာတာက ဒုံးကျည်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာသို့ရောက်ရှိနေတဲ့ ဟားမာ့စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၉ ရက်မှာ အစ္စရေးစစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကို နိုင်ငံတကာက ဝေဖန်ပြစ်တင်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း စက်တင်ဘာ ၁၁ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အစ္စရေးရဲ့ မဟာမိတ် အမေရိကန်အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅နိုင်ငံလုံးက အခြေအနေတင်းမာမှုများ လျှော့ချဘို့နဲ့ ကာတာနဲ့ အတူ ရပ်တည်ကြောင်း ဖော်ပြထားတဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ကာတာဝန်ကြီးချုပ်ကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ချုပ်နှောင် ခံထားရတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေး လက်ကျန် မျှော်လင့်ချက်ကို အဆုံးသတ်သွားစေပြီလို့ ဝေဖန်လိုက်ပါတယ်။
ဒီလိုဝေဖန်ထားပေးမယ့် ကာတာအနေနဲ့ အစ္စရေးရဲ့ စစ်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိပါဘူး။
ဒီလို တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ နိုင်ငံတွေက ကြောညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ ကာတာဝန်ကြီးချုပ် မိုဟာမက်ဘင် အက်ဘ်ဒူလာမန် ဘင် ဂျာဆင်းမ် အယ်လ်သာနီက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ပြင်းပြင်းထန်ထန် ရှုတ်ချသွားခဲ့ပါတယ်။
သူက အစ္စရေးရဲ့ လုပ်ရပ်ဟာ အကြမ်းဖက် နိုင်ငံတစ်ခုနဲ့ တူနေနေတန်ညာဟုဟာလည်း တရားမျှတမှုအတွက် ဒဏ်ခတ် ခံထိုက်ကြောင်း၊ ကာတာဟာ ဂါဇာငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေကို လက်ခံပြုလုပ်ပေးပြီး အချိန်ရော အရင်းအမြစ် တွေပါ စိုက်ထုတ်ခဲ့ပေမယ့် အစ္စရေးက အားလုံးကို အလဟဿ ဖြစ်စေခဲ့ကြောင်း ပြစ်တင်ထားပါတယ်။